
အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဟာ နိုင်ငံတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ထောက်ခံတဲ့ ဂရပ်ဖစ်တွေနဲ့ ဇန်နဝါရီ ၁၈ ရက်မှာ အနှောင့်အယှက်ပေးခံခဲ့ရပါတယ်။
ပြည်ပရောက် အိမ်ရှေ့စံဟောင်း ရီဇာ ပါလာဗီကို ချီးကျူးဂုဏ်ပြုပြီး အမေရိကန်နဲ့ ဥရောပတို့ရဲ့ ထောက်ခံမှုကိုလည်း တောင်းဆိုခဲ့ပါတယ်။ ဆိုက်ဘာ ဖောက်ထွင်းတိုက်ခိုက်မှုအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ ဆိုတာကို ချက်ချင်း မသိရသေးပါဘူး။
ထုတ်လွှင့်ရာမှာ “အမေရိကက ခင်ဗျားတို့နဲ့အတူရှိတယ်”လို့ ဖာရစီဘာသာနဲ့ ရေးထားတဲ့ ဆလိုက်တွေ ပါဝင်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အစ္စလာမ်မစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ရာမှာ အီရန်နိုင်ငံသားတွေနဲ့အတူ ရပ်တည်မယ်လို့ အကြိမ်ကြိမ် ကတိပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တခြား ဂရပ်ဖစ်တွေထဲမှာ ဥရောပဟာ ဆန္ဒပြသူတွေကိုလည်း ထောက်ခံနေပြီး အာဏာပိုင်တွေက ခင်ဗျားကို လျှို့ဝှက်ထားဖို့ ဘာမဆိုလုပ်လိမ့်မယ်လို့ သတိပေးထားပါတယ်။
သတင်းစကားတွေထဲမှာ ပြည်ပမှာနေတဲ့ အီရန်ဖြုတ်ချခံ ရှားဘုရင်ရဲ့သား အိမ်ရှေ့စံမင်းသားဟောင်း ရီဇာပါလာဗီကို ချီးကျူးခဲ့ပြီး ကျနော်တို့ရဲ့ အသံလို့ ခေါ်ဆိုခဲ့ကာ အတိုက်အခံတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ခံမှုကို ယူဆောင်လာမယ်လို့ ပြောခဲ့ပါတယ်။
အနှောင့်အယှက်ပေးတဲ့အထဲမှာ ပါလာဗီရဲ့ တည်းဖြတ်ထားတဲ့ ဗီဒီယိုကလစ်တွေလည်း ပါဝင်ပြီး အစိုးရဝန်ထမ်းတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အီရန်အစိုးရကို စွန့်ခွာပြီး ဆန္ဒပြသူတွေနဲ့ ပူးပေါင်းဖို့ တိုက်တွန်းထားပါတယ်။
အရပ်သားတွေအပေါ် အကြမ်းဖက်မှုလို့ သူက ဖော်ပြတဲ့ လုပ်ရပ်ကို မထောက်ခံဖို့ကိုလည်း သတိပေးထားပါတယ်။
ရုပ်မြင်သံကြား ထုတ်လွှင့်မှု အနှောင့်အယှက်ဖြစ်နေချိန်အတွင်း ပြထားတဲ့ ဗွီဒီယို အပိုင်းအစတွေဟာ ပါလာဗီက ဇန်နဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ သူ့ရဲ့ လူမှုမီဒီယာအကောင့်တွေမှာ တင်ခဲ့တဲ့ ဗွီဒီယိုတွေကနေ ကူးယူတည်းဖြတ်ပြီး ပြန်ထုတ်လွှင့်ခဲ့တယ်လို့ ယူဆရပါတယ်။
အနှောင့်အယှက်ဖြစ်နေချိန် ပြခဲ့တဲ့ တခြားမက်ဆေ့ချ်တွေထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ အဓိကမြို့လယ်ခေါင်ကနေ ဆုတ်ခွာနေပြီး ထောင်ပေါင်းများစွာသော လူတွေက လက်နက်ချရင်း ဆန္ဒပြ သူတွေအပေါ် သစ္စာခံကြောင်း ကတိပြုခဲ့ကြတယ်လို့လည်း ပြောထားပါတယ်၊
ဒီထုတ်ပြန်ချက်တွေကို သီးခြား လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးပါဘူး။ စီးပွားရေး အခက်အခဲတွေ၊ နိုင်ငံရေးမကျေနပ်မှုတွေနဲ့၊ အာဏာရဘာသာရေးဆိုင်ရာ အကြီးအကဲတွေအပေါ် လူထုရဲ့ ပိုကြီးလာနေတဲ့ ဒေါသတွေကြောင့် အီရန်နိုင်ငံဟာ ဒီဇင်ဘာ လနှောင်းပိုင်းကစပြီး နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကြောင့် ထိတ်လန့်ခဲ့ရပါတယ်။
အာဏာပိုင်တွေက မငြိမ်မသက်မှုတွေ အတွက် ပြည်ပရန်သူတွေကို အထပ်ထပ် အပြစ်တင်ခဲ့ပြီး မီဒီယာလွှမ်းခြုံမှုနဲ့ အင်တာနက် အသုံးပြုခွင့်အပေါ် ကန့်သတ်ချက်တွေကို တင်းကျပ်ခဲ့ပါတယ်။
Source: Reuters


