Home
နိုင်ငံတကာ
အီရန်က စီစဉ်ထားသည့်ကွပ်မျက်မှု ၈၀၀ ကျော်ကို ဖျက်သိမ်းလိုက်ကြောင်း ထရမ့်ပ် ပြော
DVB
·
January 17, 2026
Photo :Reuters

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလလယ်မှာ အီရန်နိုင်ငံအတွင်း အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေကို အီရန်အစိုးရက အကြမ်းဖက်နှိမ်နင်းမှုအပြီးမှာ တီဟီရန်က စီစဉ်ထားတဲ့ ကွပ်မျက်မှုပေါင်း ၈၀၀ ကျော်ကို ပြန်လည် ပယ်ဖျက်လိုက်တယ်လို့  အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က ပြောပါတယ်။ 

ဒီသတင်းတွေကြောင့် သူ့အနေနဲ့ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုကို ရှောင်လွှဲဖို့ ဆုံးဖြတ်ချက် ချမှတ်ရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ဒေါ်နယ်လ်ထရမ့်ပ်က ဇန်နဝါရီ ၁၆ ရက် အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

အာရပ်နဲ့ အစ္စရေးအရာရှိတွေက အီရန်ကို မတိုက်ခိုက်ဖို့ နားချခဲ့သလားဆိုတဲ့ သတင်းထောက်ရဲ့ မေးခွန်းကို ထရမ့်ပ်က “သူ့ကို ဘယ်သူကမှ နားချခဲ့တာ မဟုတ်ပဲ သူ့ကိုယ်သူပဲ ယုံကြည်ထားခဲ့ကြောင်းနဲ့ သူတို့ မနေ့တုန်းက ကြိုးပေးကွပ်မျက်မှု ၈၀၀ ကျော်ကို စီစဉ်ထားတာပေမဲ့ ကြိုးပေးကွပ်မျက်မှုတွေကို ဖျက်သိမ်းလိုက်တယ်။ အဲဒါက ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့တယ်” လို့ ထရမ့်ပ်က ပြောသွားပါတယ်။ 

အမေရိကန်ဟာ နောက်ထပ်သွေးထွက်သံယိုတွေ ဖြစ်ပွားလာရင် ပြင်းထန်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့ သတိပေးချက်တွေ ဆက်လက်ထုတ်ပြန်ထားပြီး အမေရိကန်ရဲ့ အဓိကမဟာမိတ်နိုင်ငံတွေက စစ်ရေးအရ ထိပ်တိုက်တွေ့မှုကို တားဆီးဖို့ ဒေသတွင်းသံတမန်ရေးရာ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်  ဆောင်ရွက်နေချိန်ဖြစ်တာကြောင့် အကြမ်းဖက်နှိမ်နင်းမှုတွေအပြီးမှာ အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ သိသိသာသာ  လျော့ပါးသွားခဲ့တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။

တင်းမာမှုတွေ လျော့ကျလာတယ်ဆိုပေမဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ဒေသတွင်းမှာ ရွှေ့ပြောင်းနေကြောင်း အရာရှိတွေက အတည်ပြုခဲ့ပါတယ်။

ဆော်ဒီအာရေဗျနဲ့ ကာတာတို့ဟာ အခုအပတ်အစောပိုင်းမှာ ဝါရှင်တန်နဲ့ အရေးတကြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့တွေက စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရင် အရှေ့အလယ်ပိုင်းမှာ မတည်ငြိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနိုင်မယ်လို့ သတိပေးခဲ့ကြောင်း ဒီကိစ္စနဲ့အကျွမ်းတဝင်ရှိတဲ့ ပင်လယ်ကွေ့အရာရှိတယောက်က  ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

အစ္စရေးနိုင်ငံကလည်း သံတမန်ရေးနဲ့ စစ်ရေးပြင်ဆင်မှုတွေမှာ ပါဝင်ခဲ့ပြီး ထောက်လှမ်းရေးအကြီးအကဲဒေးဗစ်ဘာနီယာဟာ သောကြာနေ့မှာ အီရန်နိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အမေရိကန်ကို သွားရောက်ခဲ့ကြောင်း သတင်းရင်းမြစ်တခုက ပြောပါတယ်။ 

အစ္စရေးစစ်ဘက်အရာရှိတယောက်ကလည်း သူတို့ရဲ့တပ်ဖွဲ့တွေရဲ့ အဆင်သင့်ဖြစ်နေမှုဟာ "အမြင့်ဆုံးအဆင့်" ရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

ကြာသပတေးနေ့မှာ အိမ်ဖြူတော်က ထရမ့်ပ်နဲ့ သူ့အစိုးရအဖွဲ့ဟာ "ရွေးချယ်စရာအားလုံးကို စားပွဲပေါ်မှာထားရှိ" ထားပြီး နောက်ထပ်အကြမ်းဖက်မှုတွေဟာ အမေရိကန်ရဲ့ ပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေကို ဖြစ်ပေါ်စေနိုင်ကြောင်း တီဟီရန်ကို ပြင်းထန်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013