
အိမ်ဖြူတော်မှာ ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်တဲ့ သီးသန့်ဆွေးနွေးပွဲမှာ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာမာချာဒိုက သူရရှိထားတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုတံဆိပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ထံ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
ဒီနေ့ဟာ သမိုင်းဝင်နေ့တနေ့ဖြစ်ပြီး ဗင်နီဇွဲလားပြည်သူတွေရဲ့ လွတ်လပ်ခွင့်အပေါ် သမ္မတထရမ့်ပ်ရဲ့ ကတိကဝတ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလိုပေးအပ်တာလို့ မာချာဒိုက ပြောပါတယ်။
“ကျုပ်လုပ်ခဲ့တဲ့ ဆောင်ရွက်ချက်တွေအတွက် မာရီယာက သူ့ရဲ့ နိုဘယ်လ်ဆုကို ကျုပ်ကို လက်ဆောင်ပေးခဲ့ပါတယ်” လို့ ထရမ့်ပ်က Truth Social မှာ ရေးသားခဲ့ပါတယ်။
“ဒါဟာ အပြန်အလှန်လေးစားတဲ့ လက္ခဏာတခုပါပဲ။ ကျေးဇူးပဲ မာရီယာ” လို့လည်း သူက ဖော်ပြထားပါတယ်။
အိမ်ဖြူတော် တာဝန်ရှိသူတွေကတော့ သမ္မတထရမ့်ပ်ဟာ ဒီဆုတံဆိပ်ကို လက်ခံသိမ်းဆည်းထားဖို့ ရှိတယ်လို့ အတည်ပြုပါတယ်။
နိုဘယ်လ်ကော်မတီကတော့ ဆုတံဆိပ်ကို လက်ဆောင်ပေးလို့ရပေမဲ့ ဆုရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ လွှဲပြောင်းလို့ မရဘူးလို့ တုံ့ပြန်ထားပါတယ်။
မာချာဒိုနဲ့ တွေ့ဆုံခဲ့ပေမဲ့ ထရမ့်ပ်ဟာ သူ့ကို ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုဘဲ လက်ရှိ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်နဲ့ပဲ ဆက်လက် လက်တွဲသွားဖို့ ရှိနေပါတယ်။
ထရမ့်ပ်အစိုးရဟာ ဒီမိုကရေစီအရေးထက် ဗင်နီဇွဲလားနိုင်ငံကနေ ရေနံရရှိရေးကို အဓိက ဦးစားပေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၃ ရက်က ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို ဖမ်းဆီးခံရအပြီးမှာ အမေရိကန်ပိတ်ဆို့မှု ခံထားရတဲ့ ဗင်နီဇွဲလားရေနံကဏ္ဍကို ပြန်လည်ပုံဖော်ဖို့ ထရမ့်ပ်အစိုးရက အမြန်ဆုံး လုပ်ဆောင်နေပါတယ်။
ဇန်နဝါရီ ၁၄ ရက်ကတော့ ဒေါ်လာသန်း ၅၀၀ တန်ဖိုးရှိတဲ့ ဗင်နီဇွဲလားရေနံ ပထမဆုံးအသုတ်ကို ရောင်းချပြီးစီးခဲ့ပြီလို့ အမေရိကန်တာဝန်ရှိသူတယောက်က ပြောပါတယ်။
ပိတ်ဆို့ထားတဲ့ ရေနံတွေ သယ်ဆောင်လာတယ်လို့ သံသယရှိတဲ့ ရေနံတင်သင်္ဘောတွေကိုလည်း အမေရိကန်က သိမ်းဆည်းနေပြီး ၆ စင်းမြောက် သင်္ဘောကို တက်ရောက်ထိန်းချုပ်ထားတယ်လို့ အမေရိကန်တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။


