
အကူအညီတွေ လာနေပြီဖြစ်တာကြောင့် ဆက်လက်ဆန္ဒပြကြဖို့ အီရန်ပြည်သူတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တိုက်တွန်းလိုက်ပါတယ်။
“အီရန်မျိုးချစ်တို့၊ ဆက်ဆန္ဒပြကြပါ။ သင်တို့ရဲ့ အင်စတီကျူးရှင်းတွေကို သိမ်းယူကြပါ၊ အကူအညီတွေ လာနေပါပြီ” လို့ ထရမ့်ပ်က သူပိုင်တဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဇန်နဝါရီ ၁၆ ရက်အထိ ၁၇ ရက်ကြာ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အင်အားသုံး နှိမ်နင်းမှုကြောင့် သေဆုံးသူ ၂,၀၀၀ ကျော် ရှိလာပြီလို့ အမေရိကန်အခြေစိုက် HRANA လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ ဆန္ဒပြသူ အယောက် ၁,၈၅၀၊ အစိုးရဘက်တော်သား ၁၃၅ ယောက်နဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေ ပါဝင်နေပါတယ်။
အီရန်တာဝန်ရှိသူတွေကတော့ လူ ၂,၀၀၀ ကျော် သေဆုံးတာကို အတည်ပြုပေမဲ့ ဒါဟာ အကြမ်းဖက်သမားတွေလက်ချက် ဖြစ်တယ်လို့ တန်ပြန်စွပ်စွဲထားပါတယ်။
ဆန္ဒပြသူတွေကို ကြိုးပေးကွပ်မျက်တာမျိုးလုပ်ရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သမ္မတထရမ့်ပ်က သတိပေးထားပြီး လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ရေးနည်းလမ်းတွေပါ စဉ်းစားနေတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။
ဒါ့အပြင် အီရန်နဲ့ စီးပွားရေးလုပ်နေတဲ့ ဘယ်နိုင်ငံကိုမဆို ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမယ်လို့လည်း ထရမ့်ပ်က ကြေညာထားပါတယ်။
လက်ရှိမှာတော့ သတ်ဖြတ်မှုတွေ မရပ်မချင်း အီရန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းထားမယ်လို့ သူက ပြောဆိုထားပါတယ်။


