Home
နိုင်ငံတကာ
အမေရိကန်နိုင်ငံသားများ အီရန်ကနေ ထွက်ခွာရန် တိုက်တွန်း
DVB
·
January 13, 2026
Photo :Reuters

အမေရိကန်တိုက်လေယာဉ်တွေ အီရန်နယ်စပ်ကနေ ကီလိုမီတာ ၂၀၀ ကနေ ၃၀၀ အကွာမှာရှိတဲ့ ကာတာနိုင်ငံက အယ်လ်ယူဒိုက်လေတပ်စခန်းမှာ တိုးမြှင့်လှုပ်ရှားနေပြီး အမေရိကန် နိုင်ငံခြားရေးဌာနက သူ့နိုင်ငံသားတွေကို အီရန်ကနေ ထွက်သွားဖို့ ဇန်နဝါရီ ၁၂ ရက်မှာ အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အမေရိကန်အစိုးရရဲ့ အကူအညီကို အားမကိုးဘဲ ထွက်ခွာရေး စီစဉ်ဖို့ ဌာနက အမေရိကန် နိုင်ငံသားတွေကို အရေးပေါ်သတိပေးချက်အတွင်း တောင်းဆိုခဲ့ပြီး အီရန်ကနေ မထွက်ခွာနိုင်သူတွေကို ဘေးကင်းတဲ့ နေရာတွေမှာ နေဖို့နဲ့ ရေ၊ အစားအစာ၊ ဆေးဝါးတို့လို နေ့စဉ်လိုအပ်တဲ့ ပစ္စည်းတွေကို သိုလှောင်ဖို့ သတိပေးခဲ့ပါတယ်။

KC-135 လေကြောင်း လောင်စာဆီဖြည့်တင်းတဲ့ လေယာဉ်နဲ့ B-52 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ အပါအဝင် အမေရိကန် စစ်လေယာဉ် အမြောက်အမြားဟာ တနင်္ဂနွေနေ့ညမှာ အယ်လ်ယူဒီးဒ် လေတပ်စခန်းကနေ ထွက်ခွာသွားခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ထုတ်ပြန်ပါတယ်။

ကာတာနိုင်ငံ မြို့တော် ဒိုဟာရဲ့ အနောက်တောင်ဘက် ၃၅ ကီလိုမီတာ အကွာမှာရှိတဲ့ လေတပ်စခန်းဟာ အမေရိကန်စစ်သား ၁၀,၀၀၀ ကျော်ရှိတဲ့ အခြေစိုက်စခန်းပါ။

ဒေသတွင်း အကြီးဆုံး အမေရိကန် စစ်စခန်းတွေထဲက တခုဖြစ်ပြီး B-52 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေလို စစ်ဘက်လေယာဉ်ကြီးတွေကို ထားတဲ့ မီတာ ၄,၅၀၀ ရှည်လျားတဲ့ လေယာဉ်ပြေးလမ်းတခုလည်း ပါဝင်ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလင်း လဲဗစ်က တနင်္လာနေ့မှာ အီရန်နဲ့ ဆက်ဆံရာမှာ အမေရိကန်ပြည်ထောင်စုအတွက် သံတမန်ရေးနည်းလမ်းက ဦးစားပေးနည်းလမ်းအဖြစ် ဆက်ရှိနေပေမဲ့ ထရမ့်ပ် အစိုးရက လိုအပ်ရင် စစ်ရေးနည်းလမ်းတွေကို ငြင်းပယ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတက သံတမန်ရေးဟာ ပထမရွေးချယ်မှု ဖြစ်တယ်လို့ အမြဲတမ်း ဖော်ပြခဲ့တယ်လို့ လဲဗစ်က Fox News သတင်းဌာနကို ပြောပါတယ်။

ဒါပေမဲ့ လိုအပ်မယ်လို့ ယူဆရင် အမေရိကန်စစ်တပ်ရဲ့ အသက်အန္တရာယ်ရှိတဲ့ အင်အားနဲ့ အစွမ်းသတ္တိကို သုံးဖို့ မကြောက်ပါဘူးလို့လည်း သူက ပြောခဲ့ပါတယ်။

“သမ္မတ ထရမ့်ပ်က နောက်ထပ်ဘာလုပ်မလဲ ဆိုတာ သူသာသိတာမို့ ကမ္ဘာကြီးက စောင့်ဆိုင်းပြီး ခန့်မှန်းနေရမှာဖြစ်ပြီး ကျမတို့က သူ့ဆုံးဖြတ်ချက်ကို ခွင့်ပြုပါမယ်” လို့လည်း သူက ပြောပါတယ်။

အီရန်နဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ လုပ်ဆောင်ချက်တွေ ဒါမှမဟုတ် မူဝါဒဆုံးဖြတ်ချက်တွေကို ဆွေးနွေးဖို့ကိုတော့ သူက ငြင်းဆိုခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013