
အမေရိကန်အပေါ် ကုန်သွယ်ရေးမှီခိုနေရတာကို လျှော့ချဖို့နဲ့ တရုတ်နဲ့ဆက်ဆံရေး ပြန်ကောင်းမွန်ဖို့အတွက် ကနေဒါဝန်ကြီးချုပ် မာခ့်ကာနေးဟာ တရုတ်နိုင်ငံကို ဇန်နဝါရီ ၁၃ ရက်က ထွက်ခွာသွား ပါတယ်။
ဒါဟာ ဆယ်စုနှစ်တခုနီးပါး ကာလအတွင်း ကနေဒါဝန်ကြီးချုပ်တယောက် အနေနဲ့ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာလည်း ဖြစ်ပါတယ်။
တရုတ်ဟာ ရွေးကောက်ပွဲမှာ ဝင်စွက်တာနဲ့ အာတိတ်ဒေသပိုင်ဆိုင်ခွင့် နှောင့်ယှက်တာတွေကြောင့် နိုင်ငံရဲ့ အကြီးဆုံး ပထဝီနိုင်ငံရေးအန္တရာယ် ဖြစ်တယ်လို့ ကာနေးက မဲဆွယ်ကာလတုန်းက ပြောဆိုခဲ့ဖူးပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အမေရိကန်ဦးစားပေးမူဝါဒနဲ့ အခွန်စည်းကြပ်မှုတွေကြောင့် ကနေဒါအစိုးရဟာ ကုန်သွယ်ရေးမူဝါဒကို ပြန်လည်စဉ်းစားလာရတာပါ။
ကာနေး အနေနဲ့ အမေရိကန်မဟုတ်တဲ့ တခြားနိုင်ငံတွေဆီ ပို့ကုန်တင်ပို့မှုကို လာမဲ့ ဆယ်စုနှစ်အတွင်း ၂ ဆတိုးမြှင့်ဖို့ ရည်မှန်းထားပါတယ်။
ခရီးစဉ်မတိုင်ခင်မှာ ကနေဒါရဲ့ နိုင်ငံခြားရေးမူဝါဒ ရှုပ်ထွေးမှုမရှိစေဖို့ ထိုင်ဝမ်ကိုရောက်နေတဲ့ ကနေဒါလွှတ်တော်အမတ် ၂ ယောက်ရဲ့ ခရီးစဉ် ဖျက်သိမ်းပြီး ပြန်လာခဲ့ကြပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ ကာနေးဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
၂၀၁၈ ခုနှစ်တုန်းက ဟွာဝေးဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ကျိုးကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံဆက်ဆံရေး အေးစက်ခဲ့ပေမဲ့ အခုအခါမှာတော့ ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
ကနေဒါရဲ့ လျှပ်စစ်ကားအပေါ် အခွန်ကောက်ခံမှုတွေကို လျှော့ချပေးဖို့ တရုတ်ဘက်က မျှော်လင့်နေသလို ကနေဒါဘက်ကလည်း ပဲဆီနဲ့ ပင်လယ်စာပို့ကုန်တွေအပေါ် ကန့်သတ်ချက်တွေ ဖယ်ရှားပေးဖို့ မျှော်လင့်နေပါတယ်။


