
ဂျပန်နိုင်ငံဟာ မြေရှားသတ္တုတင်ပို့မှုကို တင်းကျပ်လာတဲ့ တရုတ်နိုင်ငံအပေါ် မှီခိုနေရတာကို လျှော့ချဖို့အတွက် ပင်လယ်ရေအောက်ကြမ်းပြင်မှာ မြေရှားသတ္တုတွေကို စမ်းသပ်တူးဖော်ဖို့ စတင်ကြိုးပမ်းနေပါတယ်။
ဇန်နဝါရီ ၁၂ ရက်မှာ ဆိပ်ကမ်းက ထွက်ခွာလာတဲ့ “ချီကျူ” အမည်ရ သင်္ဘောဟာ တိုကျိုမြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၁,၉၀၀ လောက်ဝေးတဲ့ မီနာမီတိုရီ ကျွန်းနားမှာ တလကြာ စမ်းသပ်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒါဟာ ရေအနက် ၆ ကီလိုမီတာအောက် ပင်လယ်ကြမ်းပြင်ကနေ မြေရှားသတ္တုပါဝင်တဲ့ ရွှံ့ညွန်တွေကို အဆက်မပြတ် တူးဖော်မဲ့ ကမ္ဘာ့ပထမဆုံး ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ကုန်ပစ္စည်းတင်ပို့မှုတွေကို ကန့်သတ်လာတဲ့အတွက် ကား၊ စမတ်ဖုန်းနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ဒီသတ္တုတွေအတွက် တရုတ်ကို အားထားနေရတာကို လျှော့ချဖို့ ဂျပန်က အခုလို အရှိန်မြှင့် ဆောင်ရွက်လာတာပါ။
စီမံကိန်းအကြီးအကဲ “ရှိုအိချိ အီရှီ” က ၇ နှစ်ကြာ ပြင်ဆင်ခဲ့အပြီးမှာ အခုလို အတည်ပြု စမ်းသပ်မှုတွေ စတင်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိတယ်လို့ ပြောပါတယ်။
“ဒီစီမံကိန်းသာ အောင်မြင်ခဲ့ရင် ဂျပန်နိုင်ငံရဲ့ မြေရှားသတ္တု အရင်းအမြစ် ရှာဖွေရေးအတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်စေမှာပါ” လို့လည်း ဆိုပါတယ်။
နိုမုရ သုတေသနအင်စတီကျုက စီးပွားရေးပညာရှင် တာကာဟိဒဲ ခီအူချီ က “အခြေခံအကျဆုံး ဖြေရှင်းနည်းကတော့ ဂျပန်နိုင်ငံအတွင်းမှာပဲ မြေရှားသတ္တုတွေကို ထုတ်လုပ်နိုင်ဖို့ပါပဲ” လို့ သုံးသပ်ထားပါတယ်။
သုတေသနပညာရှင်နဲ့ သင်္ဘောသား ၁၃၀ လိုက်ပါသွားတဲ့ ဒီသင်္ဘောဟာ ဖေဖော်ဝါရီ ၁၄ ရက်မှာ ဆိပ်ကမ်းကို ပြန်လည်ရောက်ရှိဖို့ စီစဉ်ထားပါတယ်။


