
နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ရေးနဲ့ အခွန်လွတ် တင်ပိုခွင့်ရကုန် အမယ်တွေ တိုးမြှင့်ရရှိရေးအတွက် စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲနဲ့ ဇွန်နဝါရီ ၅ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံမှုအတွင်းမှာ မြန်မာ–တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်ရေးအတွက် နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်သွားနိုင်ရေး၊ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပိုခွင့်ရရှိထားတဲ့ ကုန်အမယ်တွေကို ပိုမိုတိုးမြှင့်နိုင်ရေး စတဲ့ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံကို တင်ပို့တဲ့ မြန်မာ့ပိုကုန်တွေ အရည်အသွေး စံချိန်စံနှုန်း ပြည့်မီစေရေးအတွက် လိုအပ်တဲ့ စက်ကိရိယာနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသနေ ပြည်သူတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မဲ့ အလားအလာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း တရုတ်ယွမ်ငွေကို အသုံးပြုပြီး ကုန်သွယ်မှုနဲ့ ငွေပေးချေမှုတွေ ပိုမိုတွင်ကျယ်လာဖို့ စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ တရုတ်သံအမတ်တို့ ဆွေးနွေးခဲ့ကြပါသေးတယ်။
ဒါ့အပြင် ၂ နိုင်ငံကြားက ငွေရေးကြေးရေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လက်ရှိထက်ပိုပြီး တိုးမြှင့်အကောင်အထည်ဖော်သွားဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက စတင်ခဲ့တဲ့ 1027 စစ်ဆင်ရေး နောက်ပိုင်းမှာ တရုတ်နိုင်ငံနဲ့ နယ်စပ်ဂိတ်တွေ ပိတ်သွားခဲ့သလို မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းလည်း ပိတ်သွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် ဧပြီလမှာ MNDAA ဆီက မန္တလေး-မူဆယ်ကုန်သွယ်ရေး လမ်းမပေါ်က လားရှိုးမြို့ပြန်ရခဲ့သလို နောင်ချိုနဲ့ သီပေါမြို့ကိုလည်း TNLA ဆီက ပြန်သိမ်းနိုင်ခဲ့ပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး ပုံမှန် ပြန်ဖြစ်အောင် ကြိုးပမ်းနေသလို တရုတ်ဘက်ကလည်း ပိတ်ထားတဲ့နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်နေပြီ ဖြစ်ပါတယ်။


