
တရုတ်-မြန်မာနယ်စပ် ရွှေလီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ ကုန်စည် ကန့်သတ်ချက်တွေအားလုံးကို အခုနှစ်ဆန်း ဇန်နဝါရီ ၁ ရက်ကစလို့ တရုတ်ဘက်က ဖြေလျှော့လိုက်ပြီလို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ရွှေလီကုန်သွယ်ရေးဇုန်အောက်ရှိ ကျယ်ဂေါင်ကုန်သွယ်ရေးလမ်းကြောင်း၊ နောင်တောင်း (လုံတောက်) လမ်းကြောင်း၊ ဝမ်တိန်လမ်းကြောင်းနဲ့ မန်မန်း (ကျင်စန်းကျော့) လမ်းကြောင်း တွေကို ဇန်နဝါရီ ၁ ရက် မနက်ကစလို့ ကုန်ပစ္စည်းတွေ ပုံမှန်အတိုင်း ပြန်လည် သယ်ယူပို့ဆောင်ခွင့် ပြုလိုက်တာလို့ နယ်စပ်ကုန်သည်လုပ်ငန်းတယောက်က ပြောပါတယ်။
“အကုန်လွှတ်လိုက်ပြီလို့ ပြောတယ်။ ဟိုတုန်းက ကန့်သတ်ထားတာတွေ အကုန်လုံး ဖွင့်လိုက်ပြီ ပြောတယ်။ ဘယ်နေရာမှ မကန့်သတ်တော့ဘူးလို့ သိရတယ်။”
တရုတ်ဘက် ရွှေလီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ ထိစပ်နေတဲ့ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) စသဖြင့် အကုန်လုံးပါတယ်လို့လည်း နယ်စပ်ကုန်သည်က ပြောပါတယ်။
ကန်ပိုက်တီ အပါအဝင် တရုတ်-ကချင်နယ်စပ်တွေမှာတော့ တရုတ်ဘက်က ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်တာကြာပြီလို့ ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။
အရင်က ပို့ကုန်အဖြစ် ကန့်သတ်ထားတဲ့ မီးစက်တွေ၊ ဆိုလာလျှပ်စစ်ပစ္စည်းတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေ စတဲ့ကုန်ပစ္စည်းတွေ အားလုံးကို ကန့်သတ်ချက် ဖယ်ရှားလိုက်တာဖြစ်ပြီး တရုတ်နိုင်ငံဘက်က ကုန်သွယ်ရေး ပြန်စဖို့ အနေအထား တွေ့ရတယ်လို့ ဆိုပါတယ်။
မြန်မာဘက်ခြမ်းမှာတော့ စစ်ကောင်စီရဲ့ တရားမဝင် ကုန်စည် တိုက်ဖျက်ရေး အကြောင်းပြချက်နဲ့ ဖမ်းဆီးမှုတွေကြောင့် တရုတ်နယ်စပ်ဘက်က ဝင်လာတဲ့ ကုန်စည်အများအပြား လမ်းပိုင်းတချို့မှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။


