
ပိုရှုပ်ထွေးပြီး လှိုင်းလေထန်လာတဲ့ ကမ္ဘာမှာ မှန်ကန်တဲ့မဟာဗျူဟာ ရွေးချယ်မှုတွေ ချမှတ်ဖို့ ပေကျင်းကို ရောက်နေတဲ့ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇန်နဝါရီ ၅ ရက်မှာ တိုက်တွန်းပါတယ်။
အီဂျယ်မြောင်ဟာ ၆ နှစ်အတွင်း တရုတ်မြို့တော်ကို ပထမဆုံးလာရောက်တဲ့ တောင်ကိုရီးယားခေါင်းဆောင် ဖြစ်ပါတယ်။
အမေရိကန်က ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်နဲ့ မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ချက်ချင်းဆိုသလို နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတာပါ။
၂ နိုင်ငံအနေနဲ့ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ကြဖို့နဲ့ ဒေသတွင်းငြိမ်းချမ်းရေးအတွက် တာဝန်ရှိတယ်လို့ ရှီက ပြောကြားခဲ့ပါတယ်။
သမ္မတ အီကလည်း ၂ နိုင်ငံဆက်ဆံရေးမှာ စာမျက်နှာသစ်ဖွင့်ချင်ပြီး ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျတဲ့နည်းလမ်းတွေ ရှာဖွေသွားမယ်လို့ ဆိုပါတယ်။
ခေါင်းဆောင် ၂ ယောက်ဟာ နည်းပညာ၊ သယ်ယူပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေးကဏ္ဍတွေ ပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှု စာချုပ် ၁၅ ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
သမ္မတအီဟာ ဆမ်ဆောင်းနဲ့ ဟွန်းဒိုင်း အပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး တရုတ်နဲ့ စက်မှုထောက်ပံ့ရေးကွင်းဆက် ချိတ်ဆက်မှုကနေတဆင့် နှစ်ဖက် အကျိုးဖြစ်ထွန်းစေမယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ တရုတ်နိုင်ငံဟာ အရေးပါတဲ့ မိတ်ဖက်နိုင်ငံဖြစ်တယ်လို့လည်း သမ္မတအီက ပြောကြားထားပါတယ်။
Source: Reuters


