
ထိုင်ဝမ်ကျွန်းကို ဝိုင်းပတ်ပြီး တရုတ်စစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်းမှာ မလိုအပ်ဘဲ တင်းမာမှု မြင့်တက်စေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ပေကျင်းအနေနဲ့ စစ်ရေးအရ ဖိအားပေးတာတွေ ရပ်ဆိုင်းဖို့နဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် တော်မီပစ်ဂေါ့က တိုက်တွန်းလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ နဲ့ ၃၀ ရက်တွေမှာ ထိုင်ဝမ်ကျွန်းပတ်လည်ကို ဒုံးကျည်တွေ ပစ်ခတ်တာနဲ့ စစ်ဘက်ဆိုင်ရာယာဉ်တွေ စေလွှတ်ပြီး ပိတ်ဆို့ရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီလေ့ကျင့်မှုဟာ တရားဝင်ဖြစ်တယ်လို့ တုံ့ပြန် ပြောဆိုထားပြီး သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ပြဿနာမီးမွှေးတာတွေ ရပ်တန့်ဖို့ သတိပေးလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင် အနေနဲ့ ကျွန်းကို ကျူးကျော်တိုက်ခိုက်လိမ့်မယ်လို့ မယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
သမ္မတရှီနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး ကျူးကျော်မဲ့ကိစ္စနဲ့ ပတ်သက်လို့ သူ့ကို ဘာမှပြောမထားဘူးလို့ သမ္မတထရမ့်ပ်က သတင်းထောက်တွေကို ပြောဆိုပါတယ်။
အခုလို တရုတ်ဘက်က စစ်ရေးပြတာဟာ ထရမ့်ပ်အစိုးရက ထိုင်ဝမ်အတွက် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ တန်ဖိုးရှိ လက်နက်ရောင်းချဖို့ အတည်ပြုပြီးနောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အခုနောက်ဆုံးစစ်ရေးလေ့ကျင့်မှုဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း တရုတ်ရဲ့ ထိုင်ဝမ်ကို ပစ်မှတ်ထားတဲ့ ၆ ကြိမ်မြောက် အကြီးစား စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။
Source: Reuters


