
တရုတ်နဲ့ ထိုင်ဝမ် ပြန်လည်ပေါင်းစည်းရေးဟာ ရပ်တန့်လို့မရနိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ တရုတ်သမ္မတ ရှီချင့်ဖျင်က ဒီဇင်ဘာ ၃၁ ရက် ပေကျင်းမှာပြောကြားတဲ့ နှစ်သစ်အကြိုမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“ကျုပ်တို့အမိမြေ ပြန်လည်ပေါင်းစည်းမှုဟာ ရပ်တန့်လို့မရနိုင်တဲ့ ခေတ်ရေစီးကြောင်းတခု ဖြစ်ပါတယ်” လို့ ရှီက ဆိုပါတယ်။
ဒါ့အပြင် “ရေထက် သွေးက ပိုပျစ်တယ်ဆိုသလို တရုတ်နဲ့ ထိုင်ဝမ် ပြည်သူတွေဟာ သွေးသားရင်းချာတွေဖြစ်တယ်” လို့လည်း ရှီက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
ဒီမိန့်ခွန်းမပြောကြားခင် ဒီဇင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွေတုန်းက တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းတဝိုက်မှာ “Justice Mission 2025” လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ဒီလေ့ကျင့်မှုမှာ စစ်လေယာဉ်အစင်း ၂၀၀ ကျော် ပါဝင်ခဲ့ပြီး ထိုင်ဝမ်ကျွန်းကို ဝိုင်းရံပိတ်ဆို့တဲ့ပုံစံမျိုး လေ့ကျင့်ခဲ့ကြတာပါ။
ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးက သူ့နယ်မြေအစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပြီး ထိန်းချုပ်မှုအောက် ပြန်လည်သွတ်သွင်းမယ်၊ လိုအပ်လာရင် စစ်အင်အားသုံးမယ်လို့ အကြိမ်ကြိမ် သတိပေးထားပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် ကတော့ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးမိန့်ခွန်းမှာ တရုတ်ရဲ့ စစ်ရေးရည်မှန်းချက်တွေကို သတိထားဖို့နဲ့ အချုပ်အခြာအာဏာကို ကာကွယ်သွားမယ်လို့ တုံ့ပြန် ပြောဆိုလိုက်ပါတယ်။
သမ္မတ ရှီ ကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ မျှော်မှန်းထားတဲ့ ၅ ရာခိုင်နှုန်း တိုးတက်မှုနှုန်းကို ပြည့်မီမဲ့အနေအထား ရှိတယ်လို့လည်း သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Source: Reuters


