
အာဏာသိမ်းစစ်တပ်က ဦးစီးကျင်းပတဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲ အပိုင်း-၁ ကို တရုတ်နဲ့ ရုရှား အပါအဝင် ၇ နိုင်ငံက လေ့လာသူတွေ လာရောက်ခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြချက်အရ ရွေးကောက်ပွဲလေ့လာဖို့ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကာဇက်စတန်နဲ့ နီကာရာဂွါနိုင်ငံတွေက ကိုယ်စားလှယ်တွေ လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနိုင်ငံတွေက သံတမန်နဲ့ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့ဝင်တွေ အပါအဝင် စုစုပေါင်း ၁၃၉ ယောက်က ရွေးကောက်ပွဲ အပိုင်း-၁ ကို လေ့လာခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အာဆီယံဒေသတွင်းနိုင်ငံတွေထဲ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ လာရောက်ပေမဲ့ ကနဦး လေ့လာဖို့ စာရင်းပေးသွင်းခဲ့တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ အပြီးသတ် လာရောက်တဲ့စာရင်းမှာ ပါဝင်လာတာ မတွေ့ရပါဘူး။
ဒါ့အပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက လာရောက်ခဲ့တဲ့ ဥရောပသမဂ္ဂ (EU)၊ အမေရိကန်အခြေစိုက် Carter Center နဲ့ အာရှရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက် (ANFREL) တို့လို နိုင်ငံတကာအသိအမှတ်ပြု လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ လာရောက်ခဲ့တာ မတွေ့ရပါဘူး။
စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ ထုတ်ပြန်ချက်တွေအရ အခုရွေးကောက်ပွဲမှာ တနိုင်ငံလုံးအနေနဲ့ မဲရုံပေါင်း ၂၀,၀၀၀ ကျော် ဖွင့်လှစ်မှာဖြစ်ပြီး နိုင်ငံရေးပါတီ ၅၇ ခုက ကိုယ်စားလှယ်လောင်း ၄,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်နေတယ်လို့ သိရပါတယ်။
သတင်းရယူပိုင်ခွင့် အပိုင်းမှာတော့ ရွေးကောက်ပွဲ ပထမအပိုင်းအတွက် နိုင်ငံတကာ သတင်းမီဒီယာ ၆၁ ဖွဲ့က သတင်းထောက် ၂၁၅ ယောက်ကို လျှောက်ထားခွင့်ပြုခဲ့တယ်လို့ စစ်တပ်ဩဇာခံ UEC က ဖြေဆိုထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
စိုးသူအောင်


