
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို ဒီဇင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့သလို လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ဝက်လက်မြို့ရဲ့ အနောက်ဘက်မှာရှိတဲ့ လိန်ပင်ရွာနားကို လေကြောင်းတိုက်ခိုက်သွားတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အဆိုပါ လိန်ပင်ကျေးရွာအနီးကို မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Wetlet Informational Network ရဲ့ တာဝန်ရှိသူ ကိုနဂါးလေးက “လိန်ပင်ကျေးရွာနဲ့ အနောက်ဖျားမှာရှိတဲ့ အိမ်တွေပေါ်ကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာက တိုက်ပွဲဖြစ်နေတာ မရှိဘဲနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူပစ်မှတ်ထားပြီးတော့ ဗုံးတွေလည်း ကြဲချသွားသလို စက်လတ်တွေနဲ့ပါ ပစ်သွားခဲ့တာပါ။ အဲဒါကြောင့် မိသားစုဝင်အမျိုးသမီး ၂ ယောက် သေဆုံးပြီးတော့ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသားတယောက်တို့ ဒဏ်ရာရရှိကြတယ်လို့ပဲ သိရပါသေးတယ်။ သေဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုတော့ နာမည်တွေနဲ့ အသက်အရွယ်တွေကတော့ စုံစမ်းနေဆဲပါ” လို့ ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့သလို ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရသူတချို့ ပါဝင်နေပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ ဝက်လက်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေသလို အင်အားအလုံးအရင်းနဲ့လည်း မြေပြင်စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်လာနေလို့ ပြည်သူတွေအနေနဲ့လည်း လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်ပြီး သွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။


