ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၉ ရက် မနေ့ ည ၈ နာရီ ၁၅ မိနစ်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၉ ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ငပလီမြို့၊ လင်းသာရပ်ကွက်နဲ့ ကျင်းကန်ကြီး တိုးချဲ့ရပ်ကွက်တွေပေါ်ကို တိုက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာဖြစ်ပြီး အရပ်သားတွေ ထိခိုက်သေဆုံးသလို နေအိမ်တွေလည်း ပျက်စီးတယ်လို့ ဆိုပါတယ်။
ငပလီဒေသခံတယောက်က "လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးရွာ (တိုးချဲ့ရပ်ကွက်) ကို ၂ ကြိမ် ချခဲ့တယ်။ သိရသလောက်တော့ ၉ ယောက်သေတယ်” လို့ ပြောပါတယ်။
လင်းသာရပ်ကွက်၊ အောင်လင်းရေခဲစက်အနီးကို ဗုံးကျရောက်ပေါက်ကွဲခဲ့လို့ ညနေပိုင်း တီဗွီကြည့်နေတဲ့ မိသားတစု ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “လင်းသာ ရေခဲစက်နားကို ကြဲတာ။ ရေခဲစက်ရှေ့ကို တလုံးကျတယ်၊ အနောက်ဘက်ကို တလုံးကျတယ်။ ဒေသခံတွေစုပြီး တီဗီကြည့်နေချိန် ကြဲချသွားတာ” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု နေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ခဲ့ပြီး ကလေးငယ် ၃ ယောက်နဲ့ သက်ကြီးပိုင်း ၆ ယောက် စုစုပေါင်း ပြည်သူ ၉ ယောက် သေဆုံးကာ ပြင်းထန်ဒဏ်ရာရသူတွေထဲမှာလည်း ကလေးတွေ ပါဝင်နေတယ်လို့ ဒေသခံက ပြောပါတယ်။
"အချိန်က အိပ်ချိန် ရောက်နေပြီ ဆိုတော့ ကလေးလူကြီး အကုန်စုံနေတယ်။ အခုတော့ ဒဏ်ရာရတဲ့ အထဲမှာ ကလေးတွေလည်း ပါနေပါတယ်။”
ဗုံးကြဲမှုမှာ သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို လူမှုကယ်ဆယ်ရေးသမားတွေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တာဝန်ရှိတွေက လာရောက် ကူညီပေးနေပြီး ပြင်းထန်ဒဏ်ရာရသူတွေကိုတော့ ကျန်းမာရေးဌာနက အရေးပေါ် ရွှေ့ပြောင်း ဆေးကုသပေးနေပါတယ်။





