
ထိုင်ဝမ်ကျွန်းကို ဝိုင်းရံထားတဲ့ တရုတ်စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်စစ်တပ်ဟာ ဒီဇင်ဘာ ၃၀ ရက်က တိုင်ပေမြောက်ဘက်ရှိ အရေးကြီးတဲ့ မြစ်ဝတခုမှာ ဖောက်ခွဲရေး စည်ပိုင်းတွေလို့ ဖော်ပြထားတဲ့ အတားအဆီးတွေကို နေရာချထားခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ မြောက်ဘက်ကမ်းရိုးတန်းက တိုင်ပေမြို့လယ်ပိုင်းကို ဦးတည်နေတဲ့ မြစ်တစင်းပေါ်မှာ ရေပြင်နဲ့ မြေပြင် ၂ မျိုးသုံး M3 စစ်ရေးတံတားယာဉ်ပေါ်ကို စည်တွေကို တင်ဆောင်ပြီးနောက် ရေထဲကို ချထားခဲ့တာဖြစ်ပြီး ဒါဟာ အရေးပေါ် တိုက်ခိုက်ရေး အသင့်ဖြစ်နေမှု စစ်ရေးလေ့ကျင့်ခန်းတွေရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။
Justice Mission တရားမျှတမှု အထူးတာဝန် ၂၀၂၅ လို့ နာမည်တပ်ထားတဲ့ တရုတ် စစ်ရေးလေ့ကျင့်မှုတွေမှာ တရုတ်ဟာ ထိုင်ဝမ်ကို ဦးတည်ပြီး ဒုံးကျည်အများအပြား ပစ်ခတ်ခဲ့ကာ ကျွန်းအနီးမှာလည်း စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေ အများအပြား ချထားတာကြောင့် ဥရောပကော်မရှင်နဲ့ ဗြိတိန် အပါအဝင် အနောက်တိုင်း မဟာမိတ်တွေက စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်စစ်လေယာဉ် ၇၇ စင်း၊ ရေတပ်နဲ့ ကမ်းရိုးတန်းစောင့်တပ် သင်္ဘော ၂၅ စင်းတို့ လှုပ်ရှားနေခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဒီကနေ့အထိ လွှမ်းခြုံဧရိယာအရ တရုတ်ရဲ့ အကျယ်ပြန့်ဆုံးဖြစ်တဲ့ စစ်ပွဲလေ့ကျင့်မှုတွေကြောင့် ထိုင်ဝမ်ဟာ ပြည်တွင်းလေယာဉ်ခရီးစဉ် များစွာကို ဖျက်သိမ်းခဲ့ရပြီး စောင့်ကြည့်မဲ့ ဂျက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေကို စေလွှတ်ခဲ့ရပါတယ်။
တရုတ်က ကျွန်းတဝိုက်မှာ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီးနောက် ဒီဇင်ဘာ ၃၁ ရက် ဗုဒ္ဓဟူးနေ့မှာ ထိုင်ဝမ်ဟာ အမြင့်ဆုံး တပ်လှန့်ထားမှုအဆင့်မှာ ရှိနေခဲ့ပြီး အရေးပေါ် ရေကြောင်းတုံ့ပြန်ရေးဌာနကို ဆက်လက်လည်ပတ်နေတယ်လို့ ကျွန်းရဲ့ ကမ်းခြေစောင့်တပ် အကြီးအကဲက ပြောပါတယ်။
Source: Reuters


