
တရုတ်က ထိုင်ဝမ်ကို ဝိုင်းပတ်ပိတ်ဆို့မဲ့ စစ်ရေးလေ့ကျင့်မှု ဒုတိယနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၃၀ ရက်မှာ ထိုင်ဝမ်ကျွန်းကို ချိန်ရွယ်ပြီး ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပါတယ်။
ဒီလေ့ကျင့်မှုမှာ ကမ်းထိုးတိုက်ခိုက်ရေး သင်္ဘောအသစ်တွေ၊ ဗုံးကြဲလေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ ပါဝင်နေတာပါ။
ထိုင်ဝမ်ကျွန်းပတ်လည် ငါးနေရာမှာ ကျည်အစစ်နဲ့ ပစ်ခတ်မှုတွေကို ညနေ ၆ နာရီအထိ လုပ်ဆောင်သွားမယ်လို့ တရုတ် အရှေ့ပိုင်းစစ်ဒေသ ကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
ရေတပ်နဲ့ လေတပ်ယူနစ်တွေက ရေကြောင်းနဲ့ ဝေဟင်ပစ်မှတ်တွေကို တိုက်ခိုက်လေ့ကျင့်နေပြီး ထိုင်ဝမ်မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာပါ။
အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိ လက်နက်ရောင်းချမယ်လို့ ကြေညာပြီး ၁၁ ရက်အကြာမှာ “Justice Mission 2025” လို့ အမည်ပေးထားတဲ့ အခုစစ်ရေးလေ့ကျင့်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
တရုတ်ဘက်က ပစ်ခတ်လိုက်တဲ့ ကျည်စကျည်နတွေဟာ ထိုင်ဝမ်ကမ်းလွန် ၂၄ ရေမိုင်အကွာ ဆက်စပ်ဇုန်ထဲကို ကျရောက်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် ကတော့ တရုတ်ရဲ့လုပ်ရပ်ဟာ တာဝန်ယူမှုရှိတဲ့ အင်အားကြီးနိုင်ငံကြီးတခုရဲ့ လုပ်ရပ်နဲ့ မညီညွတ်ဘူးလို့ ဝေဖန်ထားပါတယ်။
ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ နိုင်ငံတကာ လေယာဉ်ခရီးစဉ်တွေကို အနှောင့်အယှက်ဖြစ်စေဖို့ ခြိမ်းခြောက်နေချိန်မှာ ထိုင်ဝမ်ပြည်သူတွေကလည်း သူတို့ရဲ့ အစီအစဉ်အတိုင်း ဆက်လုပ်သွားမှာဖြစ်ကြောင်း ထိုင်ဝမ် တောက်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ခရီးသွားတွေက ဒီဇင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အရှေ့ပိုင်းစစ်ဌာနချုပ်ဟာ “Justice Mission 2025” အမည်ဝှက်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ဒုတိယနေ့အဖြစ် အင်္ဂါနေ့ မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ထိုင်ဝမ်ကျွန်းတဝိုက်မှာ သတ်မှတ်ထားတဲ့ ရေကြောင်းနဲ့ လေပိုင်နက် ဧရိယာတွေမှာ ကျည်ဆန်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေကြောင်း ကြေညာထားတာပါ။
PLA ရဲ့ အရှေ့ပိုင်း စစ်မြေပြင်ကွပ်ကဲမှုဌာနရဲ့ မြေပြင်တပ်ဖွဲ့တွေဟာ အင်္ဂါနေ့ မနက် ၉ နာရီမှာ ထိုင်ဝမ်ကျွန်းမြောက်ဘက်ရှိ ရေပြင်မှာ အဝေးပစ် ကျည်ဆန်တွေနဲ့ ပစ်ခတ်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။
လေ့ကျင့်မှုတွေဟာ မျှော်မှန်းထားတဲ့အတိုင်း အကျိုးသက်ရောက်မှုတွေကို ရရှိစေခဲ့ကြောင်း PLA အရှေ့ပိုင်း စစ်မြေပြင်ကွပ်ကဲမှုဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ လီရှီက မှတ်ချက်ပြုခဲ့ပါတယ်။
တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကြောင့် ထိုင်ပေရဲ့ လေယာဉ်ခရီးစဉ် လမ်းကြောင်း ၁၄ ထဲမှ ၁၁ ခုဟာ ထိခိုက်မှုခံရမှာဖြစ်ကြောင်း ထိုင်ဝမ်ရဲ့ အရပ်ဖက် လေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။
ခရီးသည် အယောက် ၁ သိန်းကျော်ကို သက်ရောက်မှုရှိပြီး ဂျပန်နိုင်ငံကိုသွားတဲ့ အရှေ့မြောက်စင်္ကြံတခုကိုသာ ခရီးသည်တင်လေယာဉ် ခရီးစဉ်တွေအတွက် ဖွင့်လှစ်ထားပါတယ်။
တရုတ်ကမ်းရိုးတန်းအနီးရှိ ကင်းန်မန်းနဲ့ မတ်ဆု ကမ်းလွန်ကျွန်းတွေဆီ လမ်းကြောင်းတွေကို ပိတ်ဆို့ထားပါတယ်။
အာဏာပိုင်တွေဟာ လေကြောင်းသွားလာမှု ဘေးကင်းရေးအတွက် နိုင်ငံတကာ လေယာဉ်ခရီးစဉ်တွေကို အန္တရာယ်ရှိတဲ့ နေရာတွေက လမ်းကြောင်းပြောင်းပေးမယ် သို့မဟုတ် တခြားလမ်းကြောင်းတွေကို ကြေညာပေးမယ်လို့ ထိုင်ဝမ် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
Source: Reuters


