Home
နိုင်ငံတကာ
နဖူးပေါ်က နှလုံးသားပုံ၊ အမြီးက ငြိမ်းချမ်းရေးလက္ခဏာပါတဲ့ ငြိမ်းချမ်းရေးခွေးကလေး အာလောက
မြတ်နိုးအောင်
·
January 13, 2026
Photo: Walk for Peace

ငြိမ်းချမ်းရေးခွေးကလေးလို့ အားလုံးက သိကြတဲ့ ‘အာလောက’ဟာ အမေရိကန်နိုင်ငံမှာ ဗုဒ္ဓဘာသာ သံဃာတော်တွေနဲ့အတူ ငြိမ်းချမ်းရေးခရီးစဉ်ထဲမှာ လိုက်ပါနေရင်းကနေ ချစ်စဖွယ် အမူအရာနဲ့ ကမ္ဘာတဝန်း လူသိများ ထင်ရှားနေခဲ့ပါတယ်။

အိန္ဒိယလမ်းဘေးခွေးကလေးဘဝကနေ လက်ရှိမှာတော့ သံယာတော်တွေနဲ့အတူ မိုင်ပေါင်းများစွာ ခရီးနှင်ပြီး ဒီငြိမ်းချမ်းရေးခရီးစဉ်တွေတလျှောက် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ဒေသခံတွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေသလို လူမှုကွန်ရက်မီဒီယာတွေပေါ်မှာလည်း ရေပန်းစားလို့ နေပါတယ်။

အစပိုင်းမှာတော့ အာလောကဟာ အိန္ဒိယနိုင်ငံတလွှားက မြို့တွေ၊ တောအုပ်တွေနဲ့ ကျေးရွာတွေကြားထဲမှာ ရဟန်းတော်တွေရဲ့ ခြေလှမ်းအတိုင်း နောက်ကနေ လိုက်ပါရင်း ရက်ပေါင်း ၁၀၀ နီးပါး လမ်းလျှောက်ခဲ့ဖူးပါတယ်။

အခု လအနည်းငယ်အကြာမှာတော့ အာလောကဟာ အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး ရဟန်းတော် ၁၉ ပါးနဲ့အတူ ကီလိုမီတာ ၃,၇၀၀ ရှည်လျားတဲ့ 'Walk of Peace' (ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်း) ခရီးစဉ်မှာ ပါဝင်ရင်း ငြိမ်းချမ်းရေးသတင်းစကားကို ဖော်ဆောင်နေပါတယ်။

ဒါတင်မကသေးပါဘူး။ အလောကရဲ့ ပရိသတ်တွေဟာ သူ့အတွက် သီးသန့် Social Media အကောင့်တွေ ပြုလုပ်ပေးထားကြပြီး လက်ရှိ အမေရိကန်မှာ လျှောက်လှမ်းနေတဲ့ ခရီးစဉ်အခြေအနေတွေကို ပရိသတ်တွေဆီ အမြဲတင်ဆက်ပေးနေပါတယ်။

‘Aloka The Peace Dog’ အမည်နဲ့ Facebook စာမျက်နှာမှာတော့ အခုလို ရေးသားထားတာကို တွေ့ရပါတယ်။

“သူ့ရဲ့ခရီးစဉ်က တကယ့်ကို ထူးခြားပါတယ်။ သူဟာ တချိန်က အိန္ဒိယမှာ လှည့်လည်သွားလာနေတဲ့ လမ်းဘေးခွေးလေးတကောင် ဖြစ်ပြီး အခုတော့ ဆရာတော်ကြီးတွေ နောက်ကို လိုက်ပါနေတာပါ။ အိန္ဒိယနိုင်ငံတလွှားမှာ ရက်ပေါင်း ၁၀၀ ကျော်အောင် လမ်းလျှောက်ခဲ့သလိုပဲ၊ ဒီနေ့မှာလည်း ကျွန်ုပ်တို့နဲ့အတူ ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်းမှာ ပါဝင်နေပါတယ်။ သူ့ရဲ့ မွေးနေ့အတိအကျကို မသိရပေမဲ့ သူ့ရဲ့ သစ္စာရှိမှုနဲ့ ငြိမ်းချမ်းတဲ့ စိတ်ဓာတ်ကိုတော့ သူနဲ့တွေ့ဆုံသူတိုင်းက အထင်အရှား မြင်တွေ့နိုင်ပါတယ်။”

ဒါ့အပြင် အားပေးသူ Followers ၁ သိန်းကျော်ရှိတဲ့ အာလောကရဲ့ Instagram အကောင့်မှာလည်း ရဟန်းတော်တွေနဲ့အတူ ငြိမ်းချမ်းရေးလမ်းလျှောက်နေတဲ့ နောက်ဆုံးရ အခြေအနေတွေကို တင်ပေးနေပါတယ်။ ပရိသတ်တွေအနေနဲ့ အလောကရဲ့ ခရီးစဉ် ဘယ်ရောက်နေပြီလဲ ဆိုတာကို သိနိုင်ဖို့ Live Map (တိုက်ရိုက်မြေပုံ) ကနေတောင် ကြည့်ရှုနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ဖို့တ် ဝါ့သ်မြို့ကနေ စတင်ခဲ့တဲ့ ဒီခရီးစဉ်ဟာ ပြည်နယ် ၁၀ ခုကို ရက်ပေါင်း ၁၁၀ ကြာ ဖြတ်သန်းသွားမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလမှာတော့ ဝါရှင်တန်ဒီစီမြို့မှာ ခရီးစဉ် ပြီးဆုံးမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးခွေးလေး အာလောကရဲ့ နဖူးပေါ်မှာ သဘာဝအတိုင်း ပါလာတဲ့ နှလုံးသားပုံစံ အမှတ်အသားလေး ရှိတာကို လူတော်တော်များများ သိကြပြီးသားပါ။ ဒါဟာ လူပေါင်းများစွာရဲ့ နှလုံးသားကို ထိတွေ့စေခဲ့တဲ့ မေတ္တာ၊ ကရုဏာနဲ့ ချစ်ခြင်းတရားတို့ရဲ့ ပြယုဂ်တခုပါပဲ။

ဒါပေမဲ့ မကြာသေးခင်ကပဲ အမာခံပရိသတ်အချို့က စိတ်လှုပ်ရှားစရာကောင်းတဲ့ သတိပြုမိမှု တစ်ခုကို ဝေမျှပေးခဲ့ကြပါတယ်။ အဲဒါကတော့ အာလောကလေးရဲ့ အမြီးလေးဟာ “P” အက္ခရာပုံသဏ္ဌာန် ဖြစ်နေတာကို သူတို့ သတိထားမိခဲ့ကြတာပါ။ “P” ဆိုတာကတော့ “Peace” (ငြိမ်းချမ်းရေး) ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။

ဒီသတိပြုမိမှုလေးကြောင့် တကယ်ကို စိတ်လှုပ်ရှားကြည်နူးမိရသလို နဖူးပေါ်က နှလုံးသားပုံစံက “မေတ္တာတရားက ရှေ့ကဦးဆောင်တယ်” လို့ ဆိုလိုနေပြီး အမြီးက “ငြိမ်းချမ်းရေးက နောက်က လိုက်ပါလာတယ်” ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်နေသလိုပါပဲ။ 

ဒါဟာ ထူးခြားတဲ့ နိမိတ်တခုပဲဖြစ်ဖြစ်၊ တိုက်ဆိုင်မှုတခုပဲဖြစ်ဖြစ် သံဃာတော် ဆရာတော်ကြီးတွေနဲ့အတူ ခရီးမိုင်ပေါင်း ထောင်ချီနှင်ပြီး ငြိမ်းချမ်းရေးသတင်းစကားကို သယ်ဆောင်ပေးနေတဲ့ “ငြိမ်းချမ်းရေးခွေးလေး” အတွက်တော့ အလွန်ကို လိုက်ဖက်ညီလှပါတယ်။

“မေတ္တာက လမ်းပြလို့၊ ငြိမ်းချမ်းရေးက နောက်ကလိုက်” ဆိုတဲ့အတိုင်း အာလောကဟာ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို အမှန်တကယ် ကိုယ်စားပြုနေတာကြောင့် ဒီလို လှပတဲ့ အသေးစိတ် အချက်အလက်လေးတွေကို ရှာဖွေတွေ့ရှိပြီး ဝေမျှပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိသလို ဒီလိုအရာလေးတွေကပဲ ခရီးစဉ်ကို ပိုမိုထူးခြားစေတာဖြစ်ကြောင်း Walk for Peace Facebook လူမှုကွန်ရက်ပေါ်ကတဆင့် ကျေးဇူးစကား မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013