
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးမှာ ပိုမိုထိရောက်ပြီး လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်က ကျရောက်တဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အမေရိကန်က မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီမျှော်မှန်းချက်တွေအပေါ် ဆက်လက်ထောက်ခံကြောင်း ပြောကြားခဲ့တာကို NUCC က ကြိုဆိုလိုက်ပြီး အခုလိုမျိုး တိုက်တွန်းချက်တွေကို ဇန်နဝါရီ ၉ ရက်နေ့က ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ စစ်တပ်ရဲ့ ဝင်ငွေရ လမ်းကြောင်းတွေ၊ လက်နက်ဝယ်ယူရေး ကွန်ရက်တွေနဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်နေတဲ့ ဘဏ္ဍာရေးထောက်တိုင်တွေကို ပိုပြီး ပြင်းပြင်းထန်ထန် အရေးယူပေးဖို့၊ စစ်တပ်က လုပ်မယ့် ဘယ်ရွေးကောက်ပွဲကိုမဆို ပြတ်ပြတ်သားသားစွာ ငြင်းပယ်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်တပ်ရဲ့ ကြားဝင်မှု မရှိစေဘဲ အာဆီယံနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေကတဆင့် တိုက်ရိုက်ပေးပို့ဖို့၊ NUG အစိုးရအပါအဝင် မြန်မာပြည်သူတွေ တရားဝင်အသိအမှတ်ပြုထားတဲ့ ဒီမိုကရေစီ ကိုယ်စားပြုသူတွေကိုသာ နိုင်ငံရေးအရ ပိုပြီး ထိတွေ့ဆက်ဆံဖို့နဲ့ စစ်အုပ်စုက ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး ယန္တရားတွေကတဆင့် အရေးယူနိုင်ရေးကူညီဖို့ ဆိုတဲ့ အဓိက တိုက်တွန်းချက် ၅ ချက်ကို NUCC က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို ပြတ်သားစွာ ငြင်းပယ်ထားပြီး ဖြစ်သလို အားလုံးပါဝင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးကို ဆက်လက်သန္နိဋ္ဌာန်ချထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် အမေရိကန်အနေနဲ့ အာဆီယံ၊ ကုလသမဂ္ဂတို့နဲ့ ပူးပေါင်းပြီး မြန်မာ့အရေးမှာ ထိရောက်စွာ ပါဝင်ပတ်သက်ပေးဖို့ NUCC က တိုက်တွန်းထားတာလည်း ဖြစ်ပါတယ်။


