
ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန်ရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် လူအယောက် ၁၀၀ သေဆုံးခဲ့ပြီး စီးနင်းတိုက်ခိုက်မှုအတွင်း သမ္မတ နီကိုလပ်စ် မာဒူရိုနဲ့ သူ့ဇနီး ဆီလီယာ ဖလောရက်စ်တို့ ၂ ယောက်စလုံး ဒဏ်ရာရရှိခဲ့ကြောင်း ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဇန်နဝါရီ ၇ ရက်က နိုင်ငံပိုင် ရုပ်မြင်သံကြားအစီအစဉ်တခုမှာ ပြည်ထဲရေးဝန်ကြီး ဒီယိုစ်ဒါးဒို ကာဘဲလ်ယိုက သမ္မတ မာဒူရိုနဲ့ သူ့ဇနီးအပြင် အမေရိကန်ရဲ့ စစ်ရေးစစ်ဆင်ရေးအတွင်း သေဆုံးခဲ့သူတွေကို အလေးဂါရဝ ပြုခဲ့ပါတယ်။
အပြစ်မဲ့ပြည်သူ အများအပြားကို ထိခိုက်စေကာ ရက်စက်ကြမ်းကြုတ်ပြီး ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်တခုအဖြစ် တောင်အမေရိကနိုင်ငံအပေါ် အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်မှုကို သူက ရှုတ်ချခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မှားယွင်းတဲ့ အကြောင်းပြချက်တွေနဲ့ ဗင်နီဇွဲလားကို ကျူးကျော်ခဲ့တာ ဖြစ်ကြောင်း ကာဘဲလ်ယိုက ပြောကြားလိုက်ပြီး “ဗင်နီဇွဲလားရဲ့ နေမင်းများ” ဂိုဏ်းလို့ ခေါ်ဆိုထားတဲ့ အဖွဲ့နဲ့ပတ်သက်တဲ့ ဆက်စပ်စွပ်စွဲချက်တွေကိုလည်း ရုပ်သိမ်းပြီးဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။
အဲဒီဂိုဏ်းကို မာဒူရို ကိုယ်တိုင် ဦးဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့က အဲဒီအဖွဲ့ကို နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။
အမေရိကန်က ဗင်နီဇွဲလားအပေါ် ဒီနေ့လုပ်ဆောင်နေတဲ့အရာကို မနက်ဖြန်မှာ တခြားနိုင်ငံတခုခုအပေါ် လုပ်ဆောင်နိုင်ကြောင်း ဝန်ကြီးက သတိပေး ပြောပါတယ်။
ဒီလုပ်ရပ်တွေဟာ ကမ္ဘာတဝန်းရှိ အမေရိကန်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ပြင်းပြင်းထန်ထန် နှိုးဆွပေးနေတာဖြစ်ပြီး အဲဒီလို ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗင်နီဇွဲလားဟာ လုံးဝအညံ့ခံမှာမဟုတ်ဘဲ မာဒူရိုနဲ့ ဖလောရက်စ်တို့ ပြန်လာရေးအတွက် တိုက်ပွဲဝင်သွားမယ်လို့လည်း ကာဘဲလ်ယိုက ပြောပါတယ်။
စနေနေ့အစောပိုင်းက ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန်ရဲ့ အကြီးစား စစ်ရေးစစ်ဆင်ရေးတခုမှာ မာဒူရိုနဲ့ သူ့ဇနီးသည် ပြန်ပေးဆွဲခံခဲ့ရပြီး နယူးယောက်ကို လေယာဉ်နဲ့ ခေါ်ဆောင်သွားခဲ့ကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။
Source: Reuters


