
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးကာ ရာထူးကနေ ဖြုတ်ချခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလားနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ရွေးချယ်ပြီး ရုပ်သိမ်းနေတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကဲရိုလိုင်းန်လဲဗစ်ထ်က ဇန်နဝါရီ ၇ ရက်မှာ ပြောပါတယ်။
အမေရိကန်ဟာ ဗင်နီဇွဲလား ရေနံစိမ်းနဲ့ ရေနံထွက်ကုန်တွေကို ကမ္ဘာ့ဈေးကွက်ဆီ သယ်ယူ ပို့ဆောင် ရောင်းချနိုင်အောင် ပိတ်ဆို့မှုတွေကို ရွေးချယ်ပြီး ရုပ်သိမ်းနေတယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးအရာရှိက ပြောပါတယ်။
အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ လဲဗစ်ထ်က “အမေရိကန်ဝန်ကြီး ခရစ္စရိုက်ထ်နဲ့ စွမ်းအင်ဌာနဟာ ဒီသမိုင်းဝင် စွမ်းအင်သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ဗင်နီဇွဲလား ယာယီအာဏာပိုင်တွေနဲ့ ပုဂ္ဂလိက ရေနံလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုအတွက်သာမက အမေရိကန်နဲ့ ဗင်နီဇွဲလား နှစ်ဖက်စလုံးရဲ့ ကြွယ်ဝချမ်းသာမှု၊ ဘေးကင်းမှု၊ လုံခြုံရေးကိုပါ ပြန်လည်ရှင်သန်စေမှာပါ။ ဒီရေနံတွေက အမေရိကန်ပြည်ထောင်စုရဲ့ ထိရောက်တဲ့ ပိတ်ဆို့ရေး ဆောင်ရွက်မှုကြောင့် စည်တွေထဲမှာပဲ၊ သင်္ဘောပေါ်မှာပဲ ထားရှိရတဲ့ အသုံးမချနိုင်ဘဲ နေခဲ့ရတဲ့ အရေးယူပိတ်ဆို့ခံထားရတဲ့ ရေနံတွေ ဖြစ်ပါတယ်။ ယာယီအာဏာပိုင်တွေကလည်း အဲဒီရေနံကို အမေရိကန်ပြည်ထောင်စုကို လွှတ်ပေးဖို့ သဘောတူညီခဲ့ကြပါတယ်” လို့ ပြောပါတယ်။
အမေရိကန်အစိုးရဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးအတွက် ဗင်နီဇွဲလား ရေနံစိမ်းနဲ့ ကမ္ဘာ့ဈေးကွက်ကို ဈေးကွက်တင် ရောင်းချဖို့ စတင်နေပြီဖြစ်ပြီး ဒီရေနံစိမ်းနဲ့ ရေနံစိမ်းထုတ်ကုန် ရောင်းချမှုအတွက် ငွေကြေးထောက်ပံ့မှုပေးဖို့အတွက် ကမ္ဘာ့ထိပ်တန်း ဈေးကွက်ရှာဖွေရေးသမားတွေ၊ အဓိက ဘဏ်တွေကို ငှားရမ်းခဲ့ပါတယ်။
ဗင်နီဇွဲလား ရေနံစိမ်းနဲ့ ထုတ်ကုန်ရောင်းချမှုကနေ ရရှိတဲ့ငွေအားလုံးကို ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု ဘဏ်တွေမှာ အမေရိကန် ထိန်းချုပ်ထားတဲ့ အကောင့်တွေမှာ အရင်ဆုံး ထည့်သွင်းပြီး နောက်ဆုံးရငွေခွဲဝေမှုရဲ့ တရားဝင်မှုနဲ့ တည်တံ့မှုကို အာမခံပါတယ်။
အဲဒီရန်ပုံငွေတွေကို အမေရိကန်ပြည်ထောင်စု အစိုးရရဲ့ ဆုံးဖြတ်ချက်အရ အမေရိကန်ပြည်သူတွေနဲ့ ဗင်နီဇွဲလား ပြည်သူတွေရဲ့ အကျိုးအတွက် ဖြန့်ဝေပေးသွားမှာပါလို့လည်း ပြောသွားပါတယ်။
Source: Reuters


