
ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီရိုဒရီဂတ်ဇ်က သူ့နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ စွမ်းအင်ဆိုင်ရာ မိတ်ဖက် ဆက်ဆံရေးလုပ်ဖို့ လမ်းဖွင့်ထားကြောင်း ဇန်နဝါရီ ၇ ရက်မှာ ပြောကြားလိုက်ပြီး တောင်အမေရိကနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ ပိုင်ဆိုင်ထားကြောင်း အလေးပေး ပြောဆိုခဲ့ပါတယ်။
ရိုဒရီဂတ်ဇ်က “ဗင်နီဇွဲလားနိုင်ငံဟာ ပါဝင်သူအားလုံး အကျိုးရှိစေမဲ့ စွမ်းအင်ဆိုင်ရာ ဆက်ဆံရေးတွေကို လမ်းဖွင့်ထားပြီး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို စီးပွားရေးစာချုပ်တွေ အတွင်း ပြတ်ပြတ်သားသား သတ်မှတ်ထားရပါတယ်။ ဒါဟာ ကျွန်ုပ်တို့ရဲ့ ရပ်တည်ချက်ဖြစ်ပြီး၊ စွမ်းအင်ဆိုင်ရာ ဆက်ဆံရေးတွေရဲ့ မတူကွဲပြားမှုကိုလည်း အလေးထားထားပါတယ်” လို့ မြို့တော် ကာရာကပ်စ်မှာ အမျိုးသားလွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံချိန်မှာ မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
ဗင်နီဇွဲလားမှာ ကမ္ဘာပေါ်က အကြီးဆုံးရေနံသိုက်တွေထဲက တခုနဲ့ အကြီးဆုံး ဓာတ်ငွေ့သိုက်တွေ ရှိနေတာပါ။
ရိုဒရီဂတ်ဇ်က “ဒီသယံဇာတတွေကို နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချရမှာဖြစ်သလို ကမ္ဘာတဝန်းရှိ တခြားနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုပေးရမှာ ဖြစ်ကြောင်းနဲ့ ဒါကပဲ ကျွန်ုပ်တို့ရဲ့ရေနံလုပ်ငန်းဟာ ပြည်ပပို့ကုန်လုပ်ငန်းဖြစ်လာရတာ”လို့ ပြောပါတယ်။
နိုင်ငံတကာဥပဒေ စည်းမျဉ်းတွေကို လေးစားလိုက်နာတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ကနေလေးစားမှုရှိတဲ့ ဆက်ဆံရေးကို ထူထောင်ဖို့ ဆန္ဒရှိကြောင်းလည်း ပြောပါတယ်။
ရိုဒရီဂတ်ဇ်ဟာ ဗင်နီဇွဲလား အုပ်ချုပ်ရေးဌာနအတွင်း အဓိကရာထူးတွေအတွက် အရာရှိတွေကို ခန့်အပ်ခဲ့ပြီး ယာယီသမ္မတအဖြစ် ဒုတိယမြောက်နေ့မှာ လုံခြုံရေးနဲ့ စီးပွားရေးကဏ္ဍတွေကို အာရုံစိုက် လုပ်ဆောင်ခဲ့ပါတယ်။
ဗင်နီဇွဲလား အာဏာရှင် သမ္မတ မာဒူရိုနဲ့ သူ့ဇနီး စီလီယာဖလောရက်စ်တို့ကို အမေရိကန်ပြည်ထောင်စုက ဖမ်းဆီးသွားပြီးနောက်မှာ ယာယီသမ္မတ နေရာမှာ ရိုဒရီဂတ်ဇ်က တာဝန်ယူနေတာဖြစ်ပါတယ်။


