Home
နိုင်ငံတကာ
ဗင်နီဇွဲလားကို အမေရိကန်စီးနင်းမှုအတွင်း ကျူးဘားနိုင်ငံသား ၃၂ ဦးသေဆုံး 
DVB
·
January 7, 2026
Photo: Reuters

ဗင်နီဇွဲလားကို အမေရိကန်စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ကျူးဘားစစ်ဘက်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ထမ်း ၃၂ ယောက်ရဲ့ အမည်တွေနဲ့ ရာထူးတွေကို ဇန်နဝါရီ ၆ ရက်မှာ ကျူးဘားအစိုးရက ကြေညာခဲ့ပါတယ်။

“ဇန်နဝါရီလ ၃ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုဟာ ကျွန်ုပ်တို့ရဲ့ ညီအစ်မနိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလား ဘိုလီဗာရီးယန်း သမ္မတနိုင်ငံအပေါ် ကျူးလွန်ခဲ့တဲ့ ကျူးကျော်မှုနဲ့ နိုင်ငံတော်အကြမ်းဖက်မှုဆိုင်ရာ ရာဇ၀တ်မှုအသစ်ရဲ့ သားကောင်တွေအဖြစ် ကျူးဘားနိုင်ငံသား ၃၂ ဦးတို့ဟာ တိုက်ပွဲတွေနဲ့ ပြင်းထန်တဲ့ ခုခံမှုတွေ အပြီးမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်” လို့ ကျူးဘားအစိုးရ ရုပ်မြင်သံကြားတင်ဆက်သူ ဘာဘရာ ဒီးစ်က ဖတ်ကြားသွားပါတယ်။

သေဆုံးသူတွေဟာ ဗင်နီဇွဲလား မိတ်ဖက်အေဂျင်စီတွေရဲ့ တောင်းဆိုချက်အရ ကျူးဘား တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ကိုယ်စားပြုတဲ့ မစ်ရှင်တွေမှာ တာဝန်ထမ်းဆောင်နေတာလို့လည်း ဆိုပါတယ်။

ကြေညာချက်ထဲမှာတော့ ကျဆုံးတပ်ဖွဲ့ဝင်တွေရဲ့ အသေးစိတ်စာရင်း ပါဝင်ပြီး အသက်အရွယ်အားဖြင့် ၂၆ နှစ်မှ ၆၇ နှစ်အထိ ရှိကြတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက အဖွဲ့ဝင် ၂၁ ယောက်နဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့က ၁၁ ယောက်တို့ ပါဝင်ပါတယ်။

ကျူးဘားဟာ ဗင်နီဇွဲလားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ဆယ်စုနှစ်ချီ ထိန်းသိမ်းထားပြီးတော့ ဗင်နီဇွဲလားအစိုးရကို ထောက်ပံ့ဖို့အတွက် စစ်တပ်၊ လုံခြုံရေးနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ပံ့ပိုးပေးထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကလည်း ဇန်နဝါရီ ၆ ရက်က အမေရိကန်အောက်လွှတ်တော်ရဲ့ ရီပတ်ဘလီကန်အမတ်တွေကို မိန့်ခွန်းပြောကြားချိန်မှာ အမေရိကန်တပ်ဖွဲ့တွေဟာ ရာထူးက ဖြုတ်ချခံရတဲ့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးမှုအတွင်း ကျူးဘားစစ်သား အများအပြားသေဆုံးခဲ့ကြောင်း ပြောပါတယ်။

“အမေရိကန်ဘက်က တယောက်မှ မသေဆုံးခဲ့ပါဘူး၊ တဖက်မှာတော့ လူအများကြီး သေဆုံးခဲ့ပါတယ်။ ကံမကောင်းစွာဘဲ အများစုကတော့ ကျူးဘားလူမျိုးတွေပါ။ ဒါပေမဲ့ အများကြီး၊ အများကြီး အသတ်ခံခဲ့ရပြီး ကျနော်တို့ လာနေတယ် ဆိုတာလည်း သူတို့သိကြပါတယ်” လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

“သူတို့က အကာအကွယ်ရှိနေပြီး ကျနော်တို့လူတွေက အကာအကွယ် မရှိဘူး။ သိတဲ့အတိုင်းပဲ၊ ကျနော်တို့လူတွေက ရဟတ်ယာဉ်တွေကနေ ခုန်ဆင်းနေကြပြီး အကာအကွယ် မရှိဘူး။ ဒါပေမဲ့ အရမ်းတော်ကြတယ်” လို့ ထရမ့်ပ်က ပြောသွားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013