
ဥရောပနိုင်ငံကြီး ၆ နိုင်ငံက ဒိန်းမတ်နိုင်ငံဘက်က ရပ်တည်တယ်လို့ ထုတ်ပြန်အပြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဂရင်းလန်းကျွန်းကို အရယူဖို့ စစ်ရေးနည်းလမ်း အပါအဝင် နည်းလမ်းအမျိုးမျိုး ဆွေးနွေးနေတယ်လို့ အိမ်ဖြူတော်က တုံ့ပြန်လိုက်ပါတယ်။
NATO အဖွဲ့ဝင် ဒိန်းမတ်နိုင်ငံလက်အောက်က တစိတ်တဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂရင်းလန်းကျွန်းကို ရယူရေးဟာ အမျိုးသားလုံခြုံရေး ဦးစားပေးဖြစ်တယ်လို့ အိမ်ဖြူတော်က အတည်ပြုပါတယ်။
လုံခြုံရေးအကြောင်းပြချက်အရ ဂရင်းလန်းကို အမေရိကန်က လိုအပ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ထရမ့်ပ်က ထပ်တလဲလဲ ပြောခဲ့ပါတယ်။
အဲဒါကြောင့် အမေရိကန်ကသာ တိုက်ခိုက်လာရင် NATO အဖွဲ့ကြီး အဆုံးသတ်သွားမယ်လို့ ဒိန်းမတ်ဝန်ကြီးချုပ် မက်တာ ဖရက်ဒရစ်ဆင်က သတိပေးခဲ့ပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့မှာတော့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန် တို့က ဒိန်းမတ်နဲ့အတူ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
“ဂရင်းလန်းကျွန်းကို သူ့ပြည်သူတွေပဲ ပိုင်ဆိုင်ပါတယ်။ ဒိန်းမတ်နဲ့ ဂရင်းလန်းကသာ သူတို့ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆုံးဖြတ်နိုင်ပါတယ်” လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နည်းတူ ဒီနိုင်ငံတွေလည်း အာတိတ်ဒေသ လုံခြုံရေးကို စိတ်အားထက်သန်ကြပြီး ဒီကိစ္စကို NATO မဟာမိတ်တွေအဖြစ် စုပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး၊ နယ်စပ်မချိုးဖောက်ရေး မူဝါဒတွေကို လေးစားလိုက်နာဖို့လည်း ဥရောပခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။
Source:Reuters


