
ကလေးအားလုံး တုပ်ကွေးနဲ့ တခြားရောဂါ ၃ မျိုးအတွက် ကာကွယ်ဆေးထိုးဖို့ ရေရှည်လမ်းညွှန်ချက်ကို အမေရိကန်ပြည်ထောင်စုက ဇန်နဝါရီ ၅ ရက်မှာ အဆုံးသတ်ခဲ့ပါတယ်။
ဒါဟာ ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီဂျူနီယာရဲ့ ရေရှည်ရည်မှန်းချက်တွေထဲက တခုကို မြှင့်တင်ပေးတဲ့ အပြောင်းအလဲကြီးတရပ်လည်း ဖြစ်ပါတယ်။
နောက်ဆုံး ပြန်လည်ရုပ်သိမ်းမှုဟာ ကာကွယ်နိုင်တဲ့ ဆေးရုံတက်ရောက်ကုသခံယူမှုနဲ့ သေဆုံးမှုတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ပြည်သူ့ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။
အေဂျင်စီရဲ့ ပုံမှန် ပြင်ပကျွမ်းကျင်သူရဲ့ ပြန်လှန်သုံးသပ်ချက်မရှိဘဲ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ယာယီညွှန်ကြားရေးမှူး ဂျင် အိုနီးလ်က အတည်ပြုခဲ့တဲ့ ဒီလုပ်ဆောင်ချက်ဟာ ကလေးသူငယ် ကာကွယ်ဆေးထိုးခြင်းကို လျှော့ချဖို့ ကနေဒီရဲ့လှုပ်ရှားမှုကို မြှင့်တင်ပေးပါတယ်။
မူဝါဒပြောင်းလဲမှုဟာ လူထုကို အန္တရာယ်ဖြစ်စေတယ်လို့ အီမိုရီတက္ကသိုလ်က အီမိုရီ ကာကွယ်ဆေး စင်တာရဲ့ တွဲဖက်ဒါရိုက်တာ ဒေါက်တာ ဝေါလ်တာ အိုရန်စတိုင်းက ပြောပါတယ်။
“ကာကွယ်ဆေးတွေဟာ ကျနော်တို့လူထုရဲ့ ကျန်းမာရေးကို မြှင့်တင်ရာမှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်။ ပြီးတော့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်တဲ့ ဒီရောဂါတွေထဲက တချို့ ပြန်ပေါ်ပေါက်လာတာကို မြင်တွေ့ရမှာ ကျနော်အရမ်းစိုးရိမ်ပါတယ်။”
ကလေးတွေအတွက် ကာကွယ်ဆေးထိုးတဲ့ အရေအတွက်ကို လျှော့ချခြင်းအားဖြင့် တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ တန်းညှိုဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်ကို ပြီးခဲ့တဲ့လက တိုက်တွန်းခဲ့ပါတယ်။
ကာကွယ်ဆေးအပေါ် အထင်အရှား သံသယရှိသူ ကနေဒီဟာ အော်တစ်ဇင်နဲ့ ဆက်စပ်မှုတွေကို ကိုးကားပြီး ကလေးတွေအတွက် ကိုဗစ်-၁၉ နဲ့ အသည်းရောင်အသားဝါ B ကာကွယ်ဆေး ထိုးခြင်းဆိုင်ရာ လူတိုင်းအတွက် အကြံပြုချက်တွေကို ရုပ်သိမ်းဖို့ ကြိုးပမ်းမှုတွေကို အရင်က ဦးဆောင်ခဲ့ဖူးပါတယ်။ သူ့ရဲ့ အကိုးအကားတွေကို သိပ္ပံပညာရှင်တွေက အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ မွေးကင်းစကလေး ဝမ်းပျက်ဝမ်းလျှောရောဂါ၊ တုပ်ကွေး၊ မင်နင်ဂိုကော့ကပ် ဦးနှောက်အမြှေးရောင်ရောဂါနဲ့ အသည်းရောင်အသားဝါ A အတွက် အကြံပြုချက်ကို ဖယ်ရှားပြီး မိဘတွေက ကျန်းမာရေးစောင့်ရှောက်သူတွေ မျှဝေထားတဲ့ ဆေးခန်းဆုံးဖြတ်ချက်အောက်မှာ တိုင်ပင်သင့်တယ်လို့ ဖော်ပြထားပါတယ်။
Source: Reuters


