
ဇန်နဝါရီ ၅ ရက်မှာ စိတ်ကျန်းမာရေးမကောင်းသူ တယောက်ဟာ အိုဟိုင်းယိုးပြည်နယ်က သူ့အိမ် ပြတင်းပေါက်တွေကို ထုရိုက်ပြီး အိမ်ထဲဝင်ဖို့ ကြိုးစားခဲ့တယ်လို့ အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က ပြောပါတယ်။
အခင်းဖြစ်ချိန်မှာ ဒုသမ္မတနဲ့ မိသားစုက နေအိမ်မှာမရှိဘဲ အရာရှိတွေက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး အရွယ်ရောက်ပြီးသား အမျိုးသားတယောက်ကို ဖမ်းဆီးထားတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် ဥပဒေစိုးမိုးရေး သတင်းရင်းမြစ်တခုကို ကိုးကားပြီး CNN သတင်းဌာနက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
“ကျနော် သိသလောက်တော့ အရူးတယောက်က ပြတင်းပေါက်တွေကို ထုရိုက်ပြီး ဝင်ဖို့ကြိုးစားတယ်။ အမြန်တုံ့ပြန်ခဲ့တဲ့အတွက် လျှို့ဝှက်ဝန်ဆောင်မှုဌာနနဲ့ ဆင်စင်နာတီရဲတပ်ဖွဲ့ကို ကျေးဇူးတင်ပါတယ်” လို့ ဗန့်စ်က X လူမှုကွန်ရက်ပေါ်က ပို့စ်တခုမှာ ပြောခဲ့ပါတယ်။
လုပ်ထုံးလုပ်နည်းအရ ဒီလူကို လျှို့ဝှက်တပ်ဖွဲ့က မေးမြန်းစစ်ဆေးမှာဖြစ်ပြီး လက်ရှိမှာ ဒေသတွင်း ကျူးကျော်မှုနဲ့ ဖျက်ဆီးမှုစွဲချက်တွေနဲ့ ဖမ်းထားတယ်လို့ လျှို့ဝှက်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးမှုကို ဆက်လုပ်သွားမယ်လို့လည်း ထပ်လောင်းပြောခဲ့ပါတယ်။
Source: Reuters


