
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုဟာ ဗင်နီဇွဲလားမှာ အမေရိကန်ရဲ့ စစ်ရေးဝင် ရောက်စွက်ဖက်မှုနဲ့ ပတ်သက်လို့ ဇန်နဝါရီ ၆ ရက်နေ့ ကွန်ဂရက်လွှတ်တော်အမတ်တွေကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဥပဒေပြုအမတ်တွေဆီက သဘောထားကွဲလွဲတဲ့ တုံ့ပြန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ရှင်းလင်းပွဲအပြီးမှာ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ချပ်ခ်ရှူးမားက အစိုးရရဲ့ အစီအစဉ်တွေကို ဝေဖန်ခဲ့ပြီး မရေမရာနဲ့ ကျေနပ်မှုမရှိ ကြောင်း ပြောဆိုခဲ့ပါတယ်။
ရှူးမားက "အမေရိကန်ပြည်ထောင်စုဟာ အဲဒီလိုမျိုး အစိုးရအပြောင်းအလဲနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ပတ်သက်တဲ့အခါ အမေရိကန်ပြည်ထောင်စုကို ထိခိုက်စေခြင်းနဲ့ပဲ အမြဲတမ်းအဆုံးသတ်ရတယ်" လို့ပြောပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ခ်ဂျွန်ဆင်ကတော့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဟာ အောင်ပွဲတခုအဖြစ် စစ်ဆင်ရေးကို ကာကွယ်ပြောကြားခဲ့ပါတယ်။
“အမေရိကန်လူမျိုး ထောင်ပေါင်းများစွာ သေဆုံးမှုအတွက် နီကိုလတ်စ် မာဒူရိုမှာ တာဝန်ရှိတယ်။ သမ္မတထရမ့်ပ်လက်ထက်မှာ အမေရိကန်ပြည်ထောင်စုဟာ ရာဇဝတ်အစိုးရတွေကို ကျွန်ုပ်တို့ရဲ့ နိုင်ငံအပေါ် ဖျက်ဆီးမှုတွေကနေ အကျိုးအမြတ်ရယူခွင့်မပြုတော့ဘူး။”
ဥပဒေကိုလိုက်နာကြောင်းလည်း ပြောကြားခဲ့ပြီး၊ ဒီမစ်ရှင်ဟာ စစ်ပွဲတစ်ခုမဟုတ်ဘူးလို့လည်း ဂျွန်ဆင်ဟာ အခိုင်အမာပြောပါတယ်။
"ဗင်နီဇွဲလားမှာ အမေရိကန်စစ်တပ်မရှိဘူး။ အဲဒီနိုင်ငံကို ကျနော်တို့ မသိမ်းပိုက်ထားဘူး”လို့ ဂျွန်ဆင်က ပြောကြားခဲ့ပြီး ကြားဖြတ်အစိုးရဟာ ဗင်နီဇွဲလားတည်ငြိမ်ရေးအတွက် ရွေးကောက်ပွဲတွေကို မကြာမီကျင်းပမှာလို့ ထပ်လောင်း ပြောဆိုပါတယ်။
ဖလော်ရီဒါပြည်နယ်မှ ရီပတ်ဘလစ်ကန်ကိုယ်စားလှယ် ဘရိုင်ယန်မက်စ်ကလည်း ဗင်နီဇွဲလားမှာ လှုပ်ရှားနေတဲ့ နိုင်ငံခြားရန်သူတွေရဲ့ ခြိမ်းခြောက်မှုတွေကနေ အမေရိကန်ပြည်ထောင်စုကို ကာကွယ်ဖို့လိုအပ်တဲ့ လုပ်ဆောင်ချက်အဖြစ် ဝင်ရောက်စွက်ဖက်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
အသက် ၆၃ နှစ်အရွယ် မာဒူရိုဟာ မန်ဟက်တန်တရားရုံးမှာ ရုံးထုတ်ချိန်အတွင်း စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပြီး စကားပြန်ကတဆင့် တရားသူကြီးကို “ကျနော်က အပြစ်မဲ့ပါတယ်။ ကျနော့်မှာ အပြစ်မရှိပါဘူး။ ကျနော်က လူကောင်းတယောက်ပါ။ ကျနော်ဟာ ကျနော့် နိုင်ငံရဲ့ သမ္မတပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
သူ့ဇနီး ဆီလီယာဖလောရက်စ်ကလည်း အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ သူတို့ရဲ့ နောက်ထပ်ရုံးချိန်းကို မတ် ၁၇ ရက်မှာ သတ်မှတ်ခဲ့ပါတယ်။
Source: Reuters


