
ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်စစ်တပ်က ဝင်ရောက်တိုက်ခိုက်ပြီး သမ္မတ နီကိုလပ်စ်ကို ဖမ်းဆီးသွားတဲ့နောက် နိုင်ငံတွင်းဆူပူမှုတွေ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ်နိုင်တာကြောင့် အဆိုပါနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနိုင်တဲ့ ထိုင်းနိုင်ငံသားတို့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဗင်နီဇွဲလားမှာ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ အရေးကြီးကိစ္စတစုံတရာမရှိဘဲ ပဋိပက္ခဒေသတွေကို ခရီးသွားလာခြင်းမပြုဖို့ တိုက်တွန်းကြောင်း၊ ဗင်နီဇွဲလားနဲ့ ထိုင်းနိုင်ငံကြား သံတမန်ရေး ကိစ္စတွေကို ပူးတွဲဆောင်ရွက်နေတဲ့ ပီရူးနိုင်ငံ လီမာမြို့တော်ရှိ ထိုင်းသံရုံး အနေနဲ့လည်း ဗင်နီဇွဲလားရှိ ထိုင်းနိုင်ငံသားတွေနဲ့ နီးကပ်စွာချိတ်ဆက်မှုရှိနေပြီး အရေးပေါ်အခြေအနေတွေအတွက် လိုအပ်သောအကူအညီပေးရန် အသင့်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၃ ရက်က အမေရိကန်နဲ့ ဗင်နီဇွဲလားနိုင်ငံကြား ဖြစ်ပွားတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအနေနဲ့ စိုးရိမ်မကင်းဖြစ်ရကြောင်း၊ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့၊ ကုလသမဂ္ဂပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့၊ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးကို အလေးထားဖို့၊ ဗင်နီဇွဲလားပြည်သူတွေရဲ့ ဆန္ဒကိုလေးစားဖို့ တိုက်တွန်းထားပါတယ်။
ထိုင်းနဲ့ ဗင်နီဇွဲလား နှစ်နိုင်ငံကြားမှာ တိုက်ရိုက်သံရုံးမထားရှိတာကြောင့် ပီရူးနိုင်ငံရှိ ထိုင်းသံရုံးကနေသာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
Source: MGROnline


