
ဗင်နီဇွဲလား အာဏာရှင်သမ္မတ နီကိုလပ်စ် မာဒူရို ဖမ်းဆီးခံခဲ့ရပြီးနောက်မှာ သူဝတ်ဆင်ထားတဲ့ ပုံစံတူ Nike အမှတ်တံဆိပ် အားကစားဂျာစီတွေဟာ ထင်မှတ်မထားလောက်အောင် ရောင်းအားကောင်းနေခဲ့ပါတယ်။
ဒါဟာ တိုက်လေယာဉ်တွေ၊ စီးနင်းတိုက်ခိုက်မှုတွေနဲ့ ကမ္ဘာ့အရေးအခင်းတွေကြားကနေ လူအများရဲ့အာရုံကို နာရီပိုင်းအတွင်းမှာတင် အံ့ဩလောက်စရာ ဖမ်းစားသွားခဲ့တာ ဖြစ်ပါတယ်။
သူ့ကို အမေရိကန်ကနေ ဖမ်းဆီးလိုက်ပြီးနောက် ပထမဆုံး ပျံ့နှံ့လာခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ မာဒူရိုကို မီးခိုးရောင် Nike အားကစားဝတ်စုံနဲ့အတူ တွေ့ခဲ့ကြရပြီး အင်တာနက် အသုံးပြုသူတွေက ဒါကို ချက်ချင်းသတိပြုမိသွားခဲ့ကြသလို အစိုးရတွေက တုံ့ပြန်မှုတွေ ပေးနေပြီး လေ့လာဆန်းစစ်သူတွေက ငြင်းခုံနေကြချိန် ဆိုရှယ်မီဒီယာတွေပေါ်မှာကတော့ အဲဒီဝတ်စုံကိုသာ အာရုံစိုက်နေခဲ့ကြပြီးနောက် အဲဒီဝတ်စုံတွေ စျေးကွက်အတွင်း အကုန်အစင် ရောင်းကုန်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုဖြစ်ပျက်ခဲ့တဲ့နှုန်းက အံ့ဩစရာကောင်းလှသလို Nike Tech Fleece အမျိုးအစားကို ရှာဖွေသူအရေအတွက်မှာ ရုတ်တရက် မြင့်တက်သွားခဲ့ပြီး ဓာတ်ပုံတွေ လူမှုကွန်ရက် စာမျက်နှာတွေပေါ် ပျံ့နှံ့သွားကာ အွန်လိုင်းအရောင်းဆိုင်တွေလည်း ပစ္စည်းတွေ ပြတ်လပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် ရေတပ်သင်္ဘောပေါ်မှာ မျက်စိပိတ်၊ လက်ထိတ်ခတ်ခံထားရတဲ့ အကျဉ်းသားတယောက်ရဲ့ ပုံရိပ်နဲ့ ခေတ်မီပြီး စတိုင်ကျတဲ့ အားကစားဝတ်စုံတို့ရဲ့ ပေါင်းစပ်မှုက လူတွေကို အံ့အားသင့်စေခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာရဲ့ စွမ်းအားကြောင့် သမ္မတ ဒေါ်နယ်ထရမ့်ပ်က အဲဒီပုံကို ဝေမျှလိုက်တဲ့အခါ နိုင်ငံရေးသတင်းထက် ဝတ်စုံအကြောင်းက ပိုပြီး ရေပန်းစား စိတ်ဝင်စားမှု ပိုခဲ့သလို ဒါဟာ သတင်းတခုကို လူတွေက ဘယ်လိုရှုထောင့်ကနေ ကြည့်ကြသလဲ ဆိုတာကို ပြောင်းလဲပစ်လိုက်တာပဲ ဖြစ်ပါတယ်။
မာဒူရိုကို အရုဏ်မတက်မီမှာ စီးနင်းဖမ်းဆီးခဲ့တာလို့ သိရပြီး သူ့ကို ပထမဆုံး မြင်တွေ့ရချိန်မှာ အိပ်ရာဝင်ဝတ်စုံနဲ့ တွေ့ရပေမဲ့ ပျံ့နှံ့သွားတဲ့ ပုံထဲမှာတော့ လက်ထိတ်ခတ်ခံထားရပြီး သန့်ရှင်းသပ်ရပ်တဲ့ မီးခိုးရောင် အားကစားဝတ်စုံကို ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားတာကို တွေ့ရတာပါ။
ဒါက အာဏာရှိသူတယောက်က အားကစားဝတ်စုံကို ဝတ်ဆင်ထားချိန်မှာ သေးငယ်သွားပုံရသလို အခုခေတ်ထဲ လူတွေရဲ့ အာရုံစိုက်မှုက ဒီလိုပဲ ဖြစ်နေပုံရပါတယ်။
ကြီးကျယ်တဲ့ ဖြစ်ရပ်တွေက ဝေးကွာတယ်လို့ ခံစားရပေမဲ့ အဝတ်အစားတွေကတော့ နီးစပ်သလို ခံစားရတတ်ပြီး အားကစားဝတ်စုံဆိုတာက လူတိုင်း ရင်းနှီးတဲ့အရာ၊ လူတိုင်းဝတ်ဆင်တဲ့အရာ၊ လူတိုင်းဝယ်ယူနိုင်တဲ့အရာ ဖြစ်တာကြောင့် ဒါက ရှုပ်ထွေးတဲ့ ဇာတ်လမ်းတပုဒ်ကို လူတိုင်းမြင်နိုင်တဲ့ အခိုက်အတန့်တခုအဖြစ် ပြောင်းလဲပေးလိုက်တာပါပဲ။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ Nike ကုမ္ပဏီအနေနဲ့ ဘယ်လိုကြော်ငြာမှ မလုပ်ခဲ့သလို ဘာမှတ်ချက်မှလည်း မပေးခဲ့ပါဘူး။ ဒါပေမဲ့ အမှတ်တံဆိပ်ကတော့ လူအများ အာရုံစိုက်မှုကို ခံခဲ့ရပြီး ပစ္စည်းတွေ ပြတ်လပ်သွားတာက အလိုအလျောက် ဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။
အခုဖြစ်ရပ်မှာ သရော်စာလို ဖြစ်နေတာကတော့ မာဒူရိုဟာ သူ့ရဲ့ပုံရိပ်ကို အမေရိကန် ဆန့်ကျင်ရေးနဲ့ အရင်းရှင်စနစ်ကို တွန်းလှန်သူအဖြစ် တည်ဆောက်ခဲ့သူဖြစ်ပေမဲ့ ဖမ်းဆီးခံရချိန် အမှတ်တရပုံရိပ်မှာတော့ ကမ္ဘာကျော် အမေရိကန် အားကစားအမှတ်တံဆိပ်တခုကို ဝတ်ဆင်ထားတာပဲ ဖြစ်ခဲ့တာပါ။
ဖက်ရှင်က နိုင်ငံရေးပုံရိပ်တွေကို အမြဲပုံဖော်ပေးလေ့ရှိပေမဲ့ ခုတကြိမ်မှာ ပြောင်းလဲသွားခဲ့တာက အရှိန်အဟုန်ပဲ ဖြစ်ပါတယ်။
သတင်းများစွာနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာမှာ လူတွေက လူသားဆန်ပြီး ရိုးရှင်းတဲ့ အရာတွေကိုသာ စွဲလမ်းတတ်ကြပြီး အားကစားဝတ်စုံက ခုလိုလုပ်ဆောင်ပေးလိုက်တာ ဖြစ်သလို ဒါက ရှုပ်ထွေးမှုတွေကို ဖြတ်ကျော်ပြီး အာဏာကို ဟန်ပန်တခုအဖြစ် ပြောင်းလဲပစ်လိုက်တာပဲ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ မီးခိုးရောင် Nike အားကစားဝတ်စုံက မာဒူရို ဖမ်းဆီးခံရတာကို ရှင်းပြနေတာ မဟုတ်ဘဲ လူသားတွေရဲ့ အကြောင်းကိုသာ ရှင်းပြနေတာပဲ ဖြစ်ပါတယ်။


