Home
ဆောင်းပါး
ဗင်နီဇွဲလားအာဏာရှင်၏ နိဂုံးနှင့် ထရမ့်ပ်၏ ဒွန်ရိုး ဝါဒ
DVB
·
January 4, 2026

ဗင်နီဇွဲလား အာဏာရှင်သမ္မတမာဒူရိုနှင့် ဇနီးဖြစ်သူအား လွန်စွာလုံခြုံစိတ်ချရသည့် အိမ်ကြီး တအိမ်မှ အမေရိကန် အထူးတပ်ဖွဲ့များက အရုဏ်မကျင်းမီ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပုံသည် မြန်ဆန်လွန်းလှသဖြင့် မာဒူရို ကိုယ်တိုင်ပင် အနီးရှိ ဖောက်ခွဲဖျက်ဆီး၍ မရအောင် တည်ဆောက်ထားသည့်  သံမဏိတံခါးကြီး နောက်ကွယ် အခန်းအတွင်းသို့ ဝင်ပြေးရန် အချိန်ပင် မရ‌တော့။

ထိုဖြစ်ရပ်ကို ကြည့်ပြီး မြန်မာပြည်သူများကလည်း မိမိတို့ အပေါ် နိုင်လို မင်းထက် အကြမ်းဖက် အုပ်ချုပ် စော်ကားနေသော  မင်းအောင်လှိုင်အားလည်း ထိုအတိုင်း မြင်တွေ့လိုကြသည်မှာလည်း လွန်စွာ သဘာဝကျလှပေသည်။

ဗင်နီဇွဲလား အာဏာရှင်၏ နိဂုံး

ဗင်နီဇွဲလားနိုင်ငံတွင် လပေါင်းများစွာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် အစောပိုင်းတွင် အမေရိကန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် အတူ ရဟတ်ယာဉ်များဖြင့် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး ဗင်နီဇွဲလားအာဏာရှင် နီကိုလပ်စ် မာဒူရိုကို ရာထူးမှ ဖယ်ရှားလိုက်ပြီ ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အမိန့်ဖြင့် ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။ ထို စစ်ဆင်ရေးအတွင်း မာဒူရိုနဲ့ ဇနီးတို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး နိုင်ငံပြင်ပကို လေယာဉ်ဖြင့် ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သမ္မတထရမ့်ပ်က အတည်ပြု ပြောကြားလာခဲ့သည်။

မြို့တော်တခွင် ပေါက်ကွဲသံများ နှင့် အတူ မီးခိုးမည်းများ မြင်တွေ့နေရပြီး၊ ဗင်နီဇွဲလားအစိုးရဘက်ကတော့ “စစ်ရေးအရ ကျူးကျော်မှု” ဟု တုံ့ပြန်ထားသည်။

မူးယစ်ဆေးဝါး မှောင်ခိုမှုနှင့် အာဏာအလွဲသုံးစားလုပ်မှုများကြောင့် အမေရိကန်က ၅ လကြာ စစ်ရေးအရ ဖိအားပေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုလို အင်အားသုံး ဖယ်ရှားခံခဲ့ရခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁ ရက်နေ့ကပင် မာဒူရိုသည် သမ္မတထရမ့်ပ်ထံ နောက်ထပ်တကြိမ် အလျှော့ပေးကမ်းလှမ်းမှုများ ပြုလုပ်လာခဲ့ပြီး မူးယစ်ဆေးဝါး မှောင်ခိုမှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲများလုပ်ဖို့ အဆိုပြုခဲ့သော်လည်း မည်သို့မျှ အရာမထင်ခဲ့ပေ။

ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်များအရ စစ်အခြေစိုက်စခန်းများနှင့် ဆိပ်ကမ်းများ တိုက်ခိုက်ခံနေရသည့် လက္ခဏာများကို မြင်တွေ့ရသည်။ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်နှင့် စစ်ဘက်ခေါင်းဆောင်များ နေထိုင်ရာအဆောက်အအုံများရှိသော Tiuna စစ်အခြေစိုက်စခန်း၊ မြို့တော်မြောက်ဘက်ရှိ အဓိကဆိပ်ကမ်းကြီးဖြစ်သော La Guaira နှင့် လေယာဉ်ပြေးလမ်းများ၊ လေယာဉ်ရုံများမှ မီးခိုးများ အူထွက်နေသည့် La Carlota လေဆိပ်တို့အပါအဝင် မြို့တော်အတွင်းနှင့် ပတ်ဝန်းကျင်နေရာအနှံ့အပြားတွင် ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့သည်။

ထို့အပြင် မြို့တော် ကာရာကတ်စ်၏ အရှေ့ဘက် ၉၀ ကီလိုမီတာအကွာရှိ မီရန်ဒါပြည်နယ်မှ ဟေဂရုတ်ဆိပ်ကမ်းနှင့် လေဆိပ်တို့လည်း တိုက်ခိုက်ခံခဲ့ရပြီး လက်နက်ခဲယမ်းများ ဆက်တိုက်ပေါက်ကွဲမှုကြောင့် ညအမှောင်ထုထဲတွင် ကောင်းကင်ယံတခုလုံး လင်းထိန်သွားခဲ့သည်။ မြို့တော်၏ အရှေ့တောင်ဘက် တောင်ပေါ်တွင်ရှိသော အင်တင်နာတိုင်များစွာ စိုက်ထူထားသည့် အယ်ဗော်လ်ကန်းဆက်သွယ်ရေးစခန်းလည်း အလားတူ တိုက်ခိုက်ခံခဲ့ရသည်။ အမေရိကန် ဆီဖြည့်လေယာဉ်များသည် တိုက်လေယာဉ်များကို ဆီဖြည့်ပေးရန်အတွက် ပွာတိုရီကိုမှ ပျံတက်လာခဲ့ကြသည်။

သို့သော်လည်း နာရီဝက်မပြည့်မီမှာတင် ပြီးဆုံးသွားခဲ့ပြီး အရေးပါသည့် စစ်ဘက်ဆိုင်ရာနေရာ အများအပြားကို ထိခိုက်မှုမရှိအောင် ချန်လှပ်ထားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုများသည် မာဒူရိုကို ဝင်ရောက် ဖမ်းဆီးနိုင်ရန်အတွက် အာရုံလွှဲပေးခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။

ဆိုရှယ်မီဒီယာပေါ်ရှိ ဗီဒီယိုဖိုင်များတွင် အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့သုံး ရဟတ်ယာဉ်အမြောက်အမြားသည် မြေပြင်ပစ်မှတ်များကို အနီးကပ် သေနတ်များ၊ ဒုံးကျည်များနှင့် ပစ်ခတ်နေသည်ကို မြင်တွေ့ရသည့်အတွက်၊ ဗင်နီဇွဲလား၏ လေကြောင်းရန်ကာကွယ်ရေး ကွန်ရက်ကို အမေရိကန်က အားပျော့သွားအောင် လုပ်ထားနိုင်ပြီ ဆိုသည်ကို ညွှန်ပြနေသည်။ "Night Stalkers" ဟု လူသိများသည့် အထူးတပ်ဖွဲ့ဝင်များသုံးသော ရဟတ်ယာဉ်များကို အရေးကြီး ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အများအားဖြင့် အသုံးပြုလေ့ရှိသည်။

မာဒူရိုအား ချက်ချင်းလို ရှာတွေ့ခဲ့မှု‌ကြောင့် လူယုံတယောက် ယောက်က ၎င်းအား အမေရိကန်လက်ထဲ သစ္စာဖောက် ရောင်းစားလိုက်သည်လား ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

၂၀၂၄ ခုနှစ် ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲကို ဗြောင်ကျကျ မသမာမှုလုပ်ပြီး အနိုင်ယူခဲ့သည့် မာဒူရိုသည် ယခုအခါ အမေရိကန်မြေပေါ်တွင် တရားရင်ဆိုင်ရတော့မည် ဖြစ်သည်။ ဗင်နီဇွဲလား ဒုတိယသမ္မတ ဒဲလ်စီ ရိုဒရီဂွက်ဇ်ထိုသို့ ဖမ်းဆီးသွားမှု ကို အတည်ပြုခဲ့ပြီး မာဒူရို အသက်ရှင်လျက် ရှိမရှိ အထောက်အထားပြဖို့ ရုပ်သံကနေတဆင့် တောင်းဆိုလာခဲ့သည်။ လက်ရှိတွင် သူသည် ဗင်နီဇွဲလားနိုင်ငံကို ဦးဆောင်နေပုံရှိသည်။ သို့သော် လောလောဆယ်အခြေအနေများ ရှုပ်ထွေးနေ၍ နောက်ဆက်တွဲ မည်သို့ ဖြစ်လာမည် ဆိုသည်က ဝေဝါးနေဆဲ ဖြစ်သည်။

အစိုးရ တရပ်ကို ဖယ်ရှားခဲ့မှု သည် သန်းကောင်ယံတွင် စတင်ခဲ့ပြီး ရောင်နီပေါ်ချိန်တွင် ပြီးဆုံးသွားခဲ့သည့် ထူးခြား ထင်ရှားသော ဖြစ်ရပ်ကြီးလည်း ဖြစ်ပေသည်။ ယင်းနှင့် အတူ ၂၀၂၆ ခုနှစ်၏ အစောပိုင်းတွင် ကမ္ဘာ့နိုင်ငံရေးအတွက် အကြီးမားဆုံး အပြောင်းအလဲတခု ဖြစ်လာခဲ့သည်။

အချုပ်ခန်းတွင်းက မာဒူရိုနှင့် ဗင်နီဇွဲလား၏ကံကြမ္မာ 

လက်ရှိတွင်တော့ မာဒူရိုနှင့် ဇနီးသည် စီလီယာဖလိုးရက်စ် အမေရိကန် စစ်သင်္ဘောကြီး U.S.S Iwo Jima  ပေါ်မှ  စနေနေ့ ညပိုင်းတွင် နယူးယောက်သို့ ရောက်ရှိလာပြီဖြစ်ပြီး ဘရွတ်ကလင်းရှိ မြို့တော် အချုပ်ခန်းအတွင်း စံမြန်းနေရရှာပြီ ဖြစ်သည်။

တနင်္လာနေ့မနက် ဂရင်း ဂျုရီရှေ့မှောက်တွင် မူးယစ်ဆေးဝါး ကုန်ကူးမှုဖြင့် တရားဝင် တရားစွဲဆို ခံရဖို့ရှိနေပြီး လက်ရှိတွင် နယူးယောက် ရဲအဖွဲ့က လက်ဗွေနှိပ်၊ DNA ရယူခြင်း၊ နံပတ်ပြားကိုင်ကာ ရှေ့တည့်တည့်၊ ကိုယ်တစောင်း ဓာတ်ပုံ အရိုက်ခံရခြင်း အစရှိသည့် အကျဉ်းသား မှတ်ပုံတင်ခြင်း များ လုပ်နေရပြီဖြစ်သည်။

မာဒူရိုအဖို့ သူ့နိုင်ငံအတွင်း ဘာဖြစ်ကျန်ခဲ့သည်၊ ရှေ့ဆက် ဘယ်လို စခန်းသွားမည်ဆိုသည်ကို တစွန်းတစမျှပင်သိခွင့်မရတော့၊ ထိုအကြောင်းကို သိနိုင်သူ၊ ဗင်နီဇွဲလား ကံကြမ္မာကို အဆုံးအဖြတ် ပေးမည့်သူက ‌ဒေါ်နယ်ထရမ့်ပ်ပင် ဖြစ်သည်။ ထိုအဖြေကို ထရမ့်ပ်က သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောဆိုသွားခဲ့သည်။

“ဘေးကင်းပြီး၊ သင့်လျော်လျောက်ပတ်စွာ၊ ချင့်ချိန်မျှတသည့်” အာဏာလွှဲပြောင်းမှုတခုကို မစီစဉ်နိုင်မချင်း အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုနိုင်ငံကို “စီမံခန့်ခွဲသွားမည်” ဟု ပြောကြားခဲ့သည်။ ၎င်း၏ ပြောဆိုချက်မှာ ကာလသတ်မှတ်ချက်မရှိသည့် စစ်ရေးအရ ပါဝင် ပတ်သက်မှုများ ဖြစ်လာနိုင်ခြေ ရှိနေသည်။ အမေရိကန်တပ်ဖွဲ့ဝင်များက ထိုနိုင်ငံကို သိမ်းပိုက်ထားမည်လား ဆိုသည်ကိုမူ ၎င်းက အတိအကျ ထည့်သွင်းပြောကြားခြင်း မရှိသော်လည်း “မြေပြင်တပ်ဖွဲ့များ စေလွှတ်ရန်” မကြောက်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ ၎င်း၏ စကားများထဲတွင် ဒီမိုကရေစီအကြောင်း တစွန်းတစမျှ မပါသော်လည်း အမေရိကန်တို့ အကျိုးအမြတ် ထွက်စေမည့် ရေနံသဘောတူညီချက်များ ရရှိလာမည်ဟု ဆိုသည်။

ဝမ်းသာ၍မှ မပြီးသေး ထရမ့်ပ်၏ အပြောကြောင့် ဗင်နီဇွဲလား အများစု ဒေါသ အမျက်ချောင်းချောင်းထွက်ကုန်ကြပြီး ၎င်းတို့နိုင်ငံအား အီရတ်ကဲ့သို့ လုပ်လာကြပြီဟု ပြောလာကြသည်။ အီရတ်လို ဝမ်းသာရွှင်မြူးနေကြသော လူအုပ်ကြီးကို လမ်းပေါ်တွင် မတွေ့ရဘဲ မြို့တော် ကာရာကပ်စ်သည် ခြောက်ကပ် တိတ်ဆိတ်နေသည်။

ဤသည်ကလည်း ၂၀၂၄ တွင် ပြည်သူများ ရွေးချယ်တင်မြှောက်ခဲ့သည့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အတိုက်အခံခေါင်းဆောင် မာရီယာ ကော်နီကာ မာချာဒို၏ အခန်းကဏ္ဍ ပျောက်ကွယ် နေ၍ ဖြစ်သည်၊ သူသည် ခေါင်းဆောင်တဦး ဖြစ်လာရန် လွန်စွာ ခက်ခဲနေဆဲ ဖြစ်သည်ဟု ထရမ့်ပ်က ပြောလာခဲ့သည်။ ထရမ့်ပ်၏ စကားကိုကြားရသဖြင့် မိုင်ယာမီတွင် အောင်ပွဲခံနေကြသော ဗင်နီဇွဲလားတို့ ကိုယ့်နားကို ကိုယ်မယုံနိုင်လောက်အောင် ကြက်သေ သေသွားခဲ့ကြရသည်။ လက်ရှိ ယာယီသမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုလာသည့် ဒုသမ္မတ မစ္စက်ဒဲလ်စီ ရိုဒရီဂွက်စ်နှင့် လုပ်ကိုင်သွားရန် ရည်ရွယ်နေ၍ ဖြစ်သည်။ သို့သော် သူသည် ဒေါ်နယ်ထရမ့်ပ် လုပ်သမျှကို ခေါင်းငုံ့ခံနေမည် မဟုတ် ဆိုကာ ဆန့်ကျင်လာနေပြီ ဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံသည် “မည်သည့်နိုင်ငံ၏ ကိုလိုနီမျှ ဖြစ်လာမည်မဟုတ်”ဟု ဆိုကာ “ဗင်နီဇွဲလားအပေါ် လုပ်ဆောင်နေသည့် လုပ်ရပ်များသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေသော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်တခုသာဖြစ်သည်” ဟု ပြောကြားခဲ့ပြီး မာဒူရိုကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

သို့သော် ကာလီဖိုနီယားပြည်နယ်၏ နှစ်ဆခန့်ကျယ်သော ဗင်နီဇွဲလားရှိ အမေရိကန်ရုပ်သေး အစိုးရကို ပံ့ပိုးပေးဖို့ စစ်အင်အား လုံလောက်စွာ ချထားနိုင်မည်မဟုတ်ဟု လေ့လာသူများက သုံးသပ်နေသည်။

ထရမ့်ပ်၏ ဒွန်ရိုး ဝါဒ

ထရမ့်ပ်က ၁၉ ရာစု နှစ်ကတည်းက ချမှတ်ထားသော မိမိတို့ အိမ်နီးချင်းခြံစည်းရိုး အနောက်ကမ္ဘာခြမ်းဖြစ်သော လက်တင် အမေရိကားတွင် မည်သည့် အင်အားစုကိုမျှ ခြေချခွင့် မပြုဟူသော မွန်ရိုးမူဝါဒကို ပြန်လည်ဆန်းသစ်လာပြီး စီးပွားရေး သက်သက် အမြတ်ထုတ်နိုင်မည့် ဒွန်ရိုးမူဝါဒဟု ထရမ့်ပ်က ခေါ်ဝေါ် သုံးနှုန်းလာခဲ့သည်။

ဒွန်ရိုး ဝါဒ အရ “အမေရိကန်ပြည်ထောင်စုသည်ကမ္ဘာ့အကြီးဆုံး ရေနံသိုက်များ ပိုင်ဆိုင်ထားသည့် နိုင်ငံကို ‘စီမံအုပ်ချုပ်’သွားမည်ဖြစ်ပြီး လိုအပ်ပါက မြေပြင်တပ်ဖွဲ့များပါ စေလွှတ်သွားမည် ဖြစ်သည်။ အမေရိကန်ကုမ္ပဏီများသည် အမေရိကန်ပြည်သူများနှင့် ဗင်နီဇွဲလားပြည်သူ နှစ်ရပ်လုံး ချမ်းသာကြွယ်ဝစေရန်ဟူသော အစီအစဉ်ဖြင့် ‘အလွန်အမင်း များပြားလှသော ဓနဥစ္စာများ’ ကို ထုတ်ယူသွားမည်ဖြစ်သည်။

ထရမ့်ပ်က ဗင်နီဇွဲလားရှိ နိုင်ငံ‌ရေးနှင့် စစ်ဘက် ပုဂ္ဂိုလ်များအနေဖြင့် ယင်းကို ဆန့်ကျင်လာမည် ဆိုက မာဒူရိုလို ဖြစ်သွားမည်ဟု ‌ပြောခဲ့ပြန်သည်။

ထရမ့်ပ်၏  “Boots on the ground” နှင့် “Run the country” ဟူသော စကားလုံးများသည် ၂၀ ရာစု အာဏာရှင်များသုံးစွဲခဲ့သည့် “အင်အားကြီးသူက အနိုင်ယူစတမ်း” ဆိုသည့် အယူအဆ ပြန်လည် ခေါင်းထောင်လာခြင်း ဖြစ်သည်။

ဗင်နီဇွဲလား ပြည်သူများ၏ ဆန္ဒကို ဆန့်ကျင်ပြီး လောဘဇောတိုက်လာမည်ဆိုက အမေရိကန် အနေဖြင့် ပိုမိုခက်ခဲပြီး ကြီးမားသော တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

လှစိုးဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013