Home
မြန်မာသတင်း
ဗင်နီဇွဲလားအာဏာရှင် ဖမ်းဆီးခံရမှုအပေါ် မြန်မာ့အရေးလှုပ်ရှားသူများ၏ အမြင်
DVB
·
January 4, 2026
Photo: Reuters

ဗင်နီဇွဲလားအာဏာရှင် သမ္မတ မာဒူရိုကို အမေရိကန်က ဖမ်းဆီးတဲ့သတင်းအပေါ်  နိုင်ငံတကာမှာ စိတ်ဝင်စားမှုတွေ မြင့်တက်သလို ပြည်တွင်းပြည်ပက မြန်မာတွေအကြားမှာလည်း အမြင်တွေ အမျိုးမျိုးရှိနေပါတယ်။

ဗင်နီဇွဲလား သမ္မတ မာဒူရိုနဲ့ဇနီးကို ဒေသစံတော်ချိန် ဇန်နဝါရီ ၃ ရက်နေ့ မနက်အစောပိုင်းမှာ အမေရိကန်အထူးတပ်ဖွဲ့တွေက မြို့တော် ကာရာကပ်စ်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာပါ။ 

မာဒူရိုကို မူးယစ်ဆေးဝါးအကြမ်းဖက်မှုခေါင်းစဉ်နဲ့ အမေရိကန်က ဖမ်းဆီးခဲ့တာဖြစ်ပြီး နယူးယောက်မြို့မှာ တရားရင်ဆိုင်သွားရဖို့ ရှိနေပါတယ်။ 

အမေရိကန်အစိုးရရဲ့လုပ်ရပ်ဟာ သူ့အိမ်နီးချင်းနိုင်ငံတွေမှာ တရုတ်နဲ့ရုရှားရဲ့ ဩဇာလွှမ်းမိုးတာကို လက်ခံမှာမဟုတ်ကြောင်း သတင်းစကားဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။ 

ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးပြီး တရက်တည်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုရဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် ထုတ်ပြန်တဲ့ကြေညာချက်မှာ စစ်အုပ်စုအနေနဲ့ အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဖော်ပြခဲ့ပါတယ်။ 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရုတ်အစိုးရကို ကျောထောက်နောက်ခံယူထားတဲ့ အာဏာရှင်တွေရဲ့ လုံခြုံရေးဟာ စိုးရိမ်စရာဖြစ်လာတယ်လို့ မှတ်ချက်ပြုတာတွေလည်း ရှိနေတာပါ။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးရင်အေးက “ဗင်နီဇွဲလားကိုပြန်ကြည့်ရင်လည်း သူက ရေနံင်္ဘောတွေ ဘာတွေ ဖမ်းတာကစတယ်၊ မူးယစ်ဆေးဝါးမှောင်ခို သင်္ဘောတွေမြုပ်တယ်၊ ဒါမျိုးတွေကစပြီးတော့ နောက်ဆုံးမှာ ဝင်ဖမ်းပလိုက်တယ်ဆိုတဲ့  အဆင့်ဖြစ်သွားတာ၊ တဆင့်ချင်း ပြန်ကြည့်မယ်ဆိုရင် သူတို့တွေက ကမ္ဘာကြီးဘယ်နေရာမှာရှိလဲ ရောက်အောင် သွားနိုင်တယ်ဆိုတာ ဒါ အမေရိကန်ပဲလေ။ သာဓကတွေ အများကြီးရှိခဲ့ပြီးပြီဆိုတော့၊ အခုလည်း Strike Force ဆိုတာကြီးက ရောက်နေတယ်ဆိုတဲ့ အနေအထားကတော့ စပြီးတော့ သူတို့ အချက်အလက်တွေ ယူနေပြီဆိုတာ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလို့ရလဲ၊ ဗင်နီဇွဲလားလိုမျိုး မလုပ်ဘူးလို့တော့ ပြောလို့မရဘူး” လို့ ပြောပါတယ်။ 

လေ့လာဝေမျှအဖွဲ့မှ ဦးကိုကိုလေးက “ကမ္ဘာကြီးက AI ခေတ်ကြီးမှာ သံပုရာသီးလုံးလောက်ပဲ ဖြစ်သွားပြီ၊ သေးသေးလေးဖြစ်သွားပြီ၊ ဒေသန္တရ အရ အဝေးကြီးဖြစ်နေပေမဲ့ America First အမေရိကန်ပြည်ထောင်စုရဲ့လုံခြုံရေးအရ မြန်မာပြည်ဟာ စိုးရိမ်ဖွယ်ရာရှိတဲ့ နိုင်ငံစာရင်းထဲမှာ ပါနေပြီးသားဖြစ်တယ်။ ဒီအာဏာရှင်နိုင်ငံတွေကို ထောက်ခံအားပေးနေတဲ့ နိုင်ငံအသေးလေးတွေအတွက် လာမှာဖြစ်တယ်။ အမေရိကန်က သူတို့မှာ ခွန်အားရှိတဲ့အတွက်ကြောင့် သူတို့လုပ်နိုင်ခြေတွေ အများကြီးရှိတယ်လို့ သုံးသပ်ချင်ပါတယ်” လို့ ပြောပါတယ်။

ဗင်နီဇွဲလားသမ္မတကို အမေရိကန်အစိုးရက ထိန်းသိမ်းလိုက်တာဟာ မူးယစ်ဆေးဝါးအကြောင်းပြချက်နဲ့ ဖြစ်ပေမဲ့ တကယ်တမ်းမှာ ဗင်နီဇွဲလားနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ရှိနေတာကြောင့် အမေရိကန်အစိုးရက လက်ဝါးကြီးအုပ်ဖို့ ခြေလှမ်းတာလို့လေ့လာသူတွေက ပြောပါတယ်။ 

သမ္မတထရမ့်ပ်ကိုယ်တိုင်ကလည်း ဗင်နီဇွဲလားနိုင်ငံကို အဝေးကနေ အုပ်ချုပ်သွားမှာဖြစ်ပြီး ရေနံတွေထုတ်ယူသွားမယ့်အစီအစဉ်ကို ဇန်နဝါရီ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ 

ဗင်နီဇွဲလားကထွက်တဲ့ ရေနံတွေကို လတ်တလောမှာ တရုတ်နိုင်ငံဆီ အများဆုံးတင်သွင်းနေတဲ့အတွက် အမေရိကန်နဲ့ တရုတ်အစိုးအရတို့ဟာ မကျေလည်မှု ပိုများလာ ဖို့ရှိနေတာပါ။

မာဒူရိုကိုဖမ်းဆီးတဲ့ အမေရိကန်အစိုးရရဲ့လုပ်ရပ်ဟာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အလွန်အကျွံ ထိးပါးရာရောက်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်းရှိနေတာပါ။ 

အမေရိကန်နိုင်ငံဟာ သူ့ရဲ့အကျိုးစီးပွားနဲ့ စူပါ ပါဝါကို ထိပါးလာနိုင်တဲ့ ကိစ္စတွေမှာ အလားတူလုပ်ရပ်မျိုး လုပ်လေ့ရှိတဲ့အတွက် ဝေဖန်မှုတွေလည်း အများအပြားရှိခဲ့ပါတယ်။ 

ဗင်နီဇွဲလားမှာ ရုရှားနဲ့တရုတ်က ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံပြီး ဗျူဟာမြောက်စခန်းထူထောင်ဖို့ ကြိုးစားနေတာတွေကလည်း အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးအပေါ်ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်ခဲ့တာပါ။

မြန်မာ့ဒီမိုကစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “အမြင်မတူညီမှုတွေကလည်း အများကြီးဖြစ်နိုင်တယ်၊ အမေရိကန်ရဲ့ တခြားနိုင်ငံအပေါ်မှာ စစ်ရေးအရစွက်ဖက်တာပဲဖြစ်ဖြစ်၊ အခုဗင်နီဇွဲလားကိစ္စမှ မဟုတ်ပါဘူး၊ သူတို့ဆိုရင် အကြိမ်ရေရာချီပြီးတော့ လုပ်ခဲ့တာတွေရှိတယ်၊ ဒီလိုကိစ္စတွေမှာလည်း အမြဲတမ်း သဘောမတူညီမှု “ဘက်” မျိုးစုံတွေ ပေါ်ပေါက်လေ့ရှိပါတယ်၊ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ကြည့်လိုက်မယ်ဆိုရင် ဆိုးတော့ဆိုးမယ်၊ ဒါပေမဲ့ သိပ်မဆိုးတဲ့ဟာကို ရွေးချယ်တယ်ဆိုတဲ့ ပေါ်လစီမျိုးတွေ သူတို့လုပ်လေ့ရှိတယ်၊ ဗင်နီဇွဲလားသမ္မတနဲ့ ပတ်သက်ပြီးတော့ဆိုရင်လည်း အားလုံးသိကြတဲ့အတိုင်းပဲ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်တွေ ကျူးလွန်နေတဲ့ ကိစ္စမျိုးတွေနဲ့ အင်မတန်မှ ဆင်တူတယ်ပေါ့နော်” လို့ ပြောပါတယ်။

ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးသလို မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဆီးတာမျိုးလည်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးတာတွေရှိနေပေမဲ့ လက်တွေ့မှာတော့ ထင်သလောက်မလွယ်ဘူးလို့ လေ့လာသူတယောက်က မှတ်ချက်ပေးပါတယ်။ 

တိုက်ရိုက်ဝင်ရောက်ဖမ်းဆီးတာမျိုးလုပ်ဖို့ မလွယ်ပေမဲ့ ကျားဖြန့်ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ စစ်ခေါင်းဆောင်အတွက် ပိုဆိုးတဲ့ဖိအားတွေတော့ ကြုံတွေ့လာရဖို့ရှိတယ်လို့ ဆိုပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ဦးမိုးထက်နေက “ဗင်နီဇွဲလားလောက်တော့ မလွယ်ပါဘူး။ အခင်းအကျင်းအရရော၊ ပထဝီအရရော၊ အကျိုးစီးပွားအရရော ကျနော်ကတော့ မလွယ်ဘူးလို့ပဲ နားလည်ပါတယ်။ ထိုင်ဝမ်ကိစ္စလိုဖြစ်မှာပေါ့။ တလျှောက်လုံး တရုတ်ရယ်၊ အမေရိကရယ် ကြားထဲမှာ အမြဲတမ်းပြဿနာဖြစ်နေတဲ့ အခြေအနေပဲလေ။ နှစ်ကို ရာစုနှစ်တဝက်လောက် ရှိနေပြီ၊ ဒီပြဿနာက ဒီအတိုင်းပဲ ပိုနေမြဲ ကျားနေမြဲအခြေအနေ ဖြစ်တာပဲလေ၊ အင်အားပြတယ်၊ သံတမန်ရေးအရ တုံ့ပြန်ကြတယ်၊ စကားပြောကြတယ်၊ ဒီလိုမျိုးဟာလောက်နဲ့ပဲ ပြီးနေတာပဲ။ အဲဒီတော့ မြန်မာပြည်ကလည်း ကျနော်နားလည်တာတော့ အဲဒီလိုပဲလို့ ထင်ပါတယ်၊ တရုတ်နဲ့ ထိပ်တိုက်တိုးကြဖို့ ပိုင်းပိုင်းဖြတ်ဖြတ်မရှိသမျှတော့ အဲ့ဒီလောက်ကြီးဖြစ်မယ်မထင်ပါဘူး” လို့ ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေးအထူးအဖွဲ့ Scam Center Strike Force ကို အမေရိကန်က နိုဝင်ဘာ ၁၂ ရက်နေ့မှာ ဖွဲ့စည်းကြောင်းကြေညာထားတာပါ။ 

မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက တရုတ်ရာဇဝတ်အဖွဲ့တွေရဲ့ နောက်ကွယ်က ခေါင်းဆောင်တွေကို အဓိက ဦးတည်ဖော်ထုတ်သွားမယ်လို့ အမေရိကန်ရှေ့နေချုပ်ရုံးရဲ့ အထူးအဖွဲ့နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီကိစ္စကြောင့် စစ်ကောင်စီဟာ ဖိအားများခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်တလျှောက် အမေရိကန်အစိုးရရဲ့ ချဉ်းကပ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013