
အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် ဗင်နီဇွဲလားမြို့တော် ကရာကတ်စ်ကို တုန်ခါသွားစေတဲ့ ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ကိုလံဘီယာသမ္မတ ဂူစတာဗိုပီထရိုက ဇန်နဝါရီ ၃ ရက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး ချက်ချင်းခေါ်ယူဖို့ တောင်းဆိုပါတယ်။
ကရာကတ်စ် ဗုံးကြဲခံရပြီ ဆိုတဲ့ ကြေညာချက်ကိုလည်း ပီထရိုဟာ X မှာ ပို့စ်တင်ထားလိုက်ပြီး အမေရိကနိုင်ငံများအဖွဲ့ (OAS) ရဲ့ အစည်းအဝေး ခေါ်ယူဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဗင်နီဇွဲလားနဲ့ ကိုလံဘီယာနယ်စပ်ရှိ ကူကူတာမှာ ပေါင်းစည်းကွပ်ကဲရေးစခန်း (UCP) ကို အသက်သွင်းလိုက်ကာ "နယ်စပ်မှာ စစ်ဆင်ရေးအစီအစဉ် ရှိထားပြီးသားဖြစ်တယ်" လို့လည်း ပြောပါတယ်။
ပီထရိုဟာ အမေရိကန်ရဲ့ ဖိအားပေးလှုပ်ရှားမှုကို ဆန့်ကျင်ကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။
ဗင်နီဇွဲလား မြို့တော် ကရာကတ်စ်နဲ့ တခြားဒေသတွေမှာ ဇန်နဝါရီ ၃ ရက် ဒီနေ့မနက် အစောပိုင်း ဒေသစံတော်ချိန် မနက် ၂ နာရီလောက်က ပေါက်ကွဲမှုအများအပြား ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ရဲ့ "စစ်ရေးကျူးကျော်မှု" ကို ပယ်ချကြောင်း ဗင်နီဇွဲလားနိုင်ငံက ပြောပါတယ်။
တိုက်ခိုက်မှုတွေဟာ ကရာကတ်စ် မြို့တော်နဲ့ မီရန်ဒါ၊ အာရဂွါနဲ့ လာဂွါရာပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြို့ရဲ့တောင်ပိုင်း ဒေသမှာ အဓိကစစ်စခန်းအနီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
မာဒူရိုဟာ အမျိုးသားအရေးပေါ်အခြေအနေကို ကြေညာလိုက်ပြီး လူမှုရေးနဲ့ နိုင်ငံရေးအင်အားစုတွေကို "လူစုစည်းရေးအစီအစဉ်တွေ စတင်ဖို့" တိုက်တွန်းခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်က အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံရဲ့ ရေနံနဲ့ သတ္တုတွေကို သိမ်းပိုက်ဖို့ဖြစ်ပြီး ဒီအရင်းအမြစ်တွေကို ရယူမဲ့အမေရိကန်ရဲ အစီအစဉ်က အောင်မြင်မှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။


