Home
နိုင်ငံတကာ
ရုရှားနှင့် တရုတ် အားကိုးဖြင့် ဗင်နီဇွဲလားက အမေရိကန်ကို ဝေဖန်
DVB
·
December 25, 2025
Photo: Reuters

ဗင်နီဇွဲလားနိုင်ငံက ရုရှားနဲ့ တရုတ်ရဲ့ ထောက်ခံမှုနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပြီး အမေရိကန်ရဲ့လုပ်ရပ်ဟာ သမိုင်းမှာ အဆိုးဆုံး ခြိမ်းခြောက်အကျပ်ကိုင်မှုကြီး ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

အမေရိကန်ရဲ့ စစ်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးမှုတွေဟာ “ကောင်းဘွိုင်ဆန်တဲ့ လုပ်ရပ်” နဲ့ “ခြိမ်းခြောက်မှု” တွေဖြစ်တယ်လို့ ရုရှားနဲ့ တရုတ်က ဒီဇင်ဘာ ၂၃ ရက် အစည်းအဝေးမှာ ဝေဖန်ခဲ့ပါတယ်။

အမေရိကန်ဟာ ကာရေဘီယံဒေသမှာ စစ်အင်အားအများအပြား ချထားပြီး ပိတ်ဆို့အရေးယူမှုတွေရဲ့ တစိတ်တပိုင်းအဖြစ် ဗင်နီဇွဲလား ရေနံတင်သင်္ဘောတွေကို ကြားဖြတ်ဟန့်တားတာတွေ လုပ်ဆောင်နေတာပါ။

ဒီဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ကယ်ဝေါ့ဇ်က “အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုယ့်ကမ္ဘာခြမ်း၊ ကိုယ့်နယ်နိမိတ်နဲ့ အမေရိကန်ပြည်သူတွေကို ကာကွယ်ဖို့ အစွမ်းကုန် လုပ်ဆောင်သွားမယ်” လို့ တုံ့ပြန်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုဟာ ရေနံကိုအသုံးပြုပြီး မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ အကြမ်းဖက်မှုတွေကို ဘဏ္ဍာငွေ ထောက်ပံ့နေတယ်လို့ စွပ်စွဲထားပါတယ်။

ဗင်နီဇွဲလားအစိုးရက ဒီစွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပြီး ဝါရှင်တန်ဟာ ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကို ထိန်းချုပ်ချင်လို့ မာဒူရိုကို ဖြုတ်ချဖို့ ကြိုးစားနေတာလို့ တုံ့ပြန်ပါတယ်။

ဝေါ့ဇ်ကတော့ “နီကိုလပ်စ် မာဒူရိုဟာ အမေရိကန်တရားစီရင်ရေးက အလိုရှိနေတဲ့ ဝရမ်းပြေးတယောက်ဖြစ်ပြီး ‘Cartel de los Soles’ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်တယ်” လို့ ထပ်လောင်းပြောကြားပါတယ်။

ဒါ့အပြင် မာဒူရိုကို ဖမ်းဆီးနိုင်မဲ့ သတင်းအချက်အလက် ပေးနိုင်သူကို အမေရိကန်ဒေါ်လာ သန်း ၅၀ ဆုချမယ်လို့လည်း အမေရိကန်အစိုးရက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလကစပြီး မူးယစ်ဆေးဝါး သယ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013