
တရုတ်နိုင်ငံဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အလုံး ၁၀၀ ကျော်ကို နောက်ဆုံးတည်ဆောက်ထားတဲ့ ဒုံးလွှတ်ကွင်း ၃ ခုမှာ အသင့်တပ်ဆင်ထားတယ်လို့ ပင်တဂွန်က ထုတ်ပြန်တဲ့ အစီရင်ခံစာမူကြမ်းမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၂၇ ခုနှစ်ကုန်မှာ ထိုင်ဝမ်ကို စစ်ဆင်နွှဲပြီး အနိုင်ရဖို့ မျှော်မှန်းထားတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
တရုတ်အစိုးရဘက်ကတော့ ဒီအစီရင်ခံစာဟာ သူတို့ကို အပုပ်ချဖို့ သက်သက်သာဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်းကို ရည်ရွယ်ချက်ရှိရှိ အထင်မြင်လွဲအောင် လုပ်တာလို့ ဝေဖန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်၊ ရုရှားတို့နဲ့အတူ နျူကလီးယားဖျက်သိမ်းရေး အစီအစဉ်တရပ်ကို လုပ်ဆောင်နိုင်ခြေရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့ တရုတ်ဘက်ကတော့ အဲဒီလို လက်နက်ထိန်းချုပ်ရေး ဆွေးနွေးမှုမျိုးကို စိတ်ဝင်စားပုံ မရဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။
တရုတ်နိုင်ငံဟာ လောင်စာခဲသုံး DF-31 တိုက်ချင်းပစ်ဒုံးကျည် ၁၀၀ ကျော်ကို မွန်ဂိုလီးယား နယ်စပ်နားက ဒုံးလွှတ်စင်တွေမှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ တရုတ်ရဲ့ နျူကလီးယားထိပ်ဖူး အရေအတွက်ဟာ ၆၀၀ ဝန်းကျင်ရှိနေပြီး ၂၀၃၀ ပြည့်နှစ်မှာ ၁,၀၀၀ ကျော်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters


