
ကိုယ့်ပြည်သူကိုယ် စိတ်ကြိုက်သတ်နိုင်အောင် အာဏာသိမ်းစစ်တပ်ကို တရုတ်နဲ့ ရုရှားက ပံ့ပိုးပေးနိုင်ပေမဲ့လည်း နယူးယောက်မြို့က ကုလသမဂ္ဂရင်ပြင်မှာ စစ်အာဏာရှင်အလံ စိုက်ထူနိုင်တဲ့အထိ မစွမ်းနိုင်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက သက်သေခံနေပါတယ်။
၂၀၂၁ ခုနှစ်ကစလို့ မြန်မာအစိုးရဟာ ကျွန်ုပ်တို့ပါဆိုပြီး နေပြည်တော် စစ်ဗိုလ်ချုပ်တွေ သေနတ်ခါး ကြားထိုးပြီး မာန်တက်ပြခဲ့ပေမဲ့လည်း ကုလသမဂ္ဂရင်ပြင်ထက်မှာတော့ စစ်အုပ်စု ကိုယ်စားပြုမှုကို ၅ နှစ်ဆက်တိုက် ပြတ်ပြတ်သားသား ငြင်းပယ်ခံရ၊ အာဏာသိမ်း ပြည်သူသတ် ရာဇဝတ်ကောင်တွေရဲ့ နေရာမဟုတ်ကြောင်း ဖော်ပြခံရတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့၊ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တော်လှန်သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မဲမခွဲဘဲ တူညီဆန္ဒနဲ့ အတည်ပြုခဲ့ပြန်တယ်။
အရင်နှစ်တွေမှာ ငြင်းပယ်ခံရတာက ကိုယ့်ဘာသာ အံတင်းတင်းကြိတ်ရင်း ကြံဖန်ဖြေသိမ့်လိုက်လို့ ရပေမဲ့ ဒီနှစ် ၂၀၂၅ ကျတော့ တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်ခါနီးအချိန်။ ဒီလိုအချိန်မှာ ငြင်းပယ်ခံရတာက တရားမဝင်ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာမဲ့ တရားမဝင်အစိုးရသည်လည်း ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့် ရမှာမဟုတ်ကြောင်း တင်ကြိုသတိပေးချက် ဖြစ်နေတာမို့ စစ်ဗိုလ်ချုပ်တွေ အံကြိတ်ရုံတင်မက အသည်းပါ ပေါက်ကြရ။ လာမယ့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာအထိ NUG အစိုးရကိုယ်စားပြု သံအမတ်ကြီးဦးကျော် မိုးထွန်းကသာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဖြစ်နေဦးမှာက အသေအချာ။
ကုလသမဂ္ဂမှာ နိုင်ငံအလိုက် ကိုယ်စားပြုခွင့်ကို ဘယ်လို ရွေးချယ်ကြပါသလဲ။ ကိုယ်စားလှယ်ရွေးချယ်ရေးဆိုင်ရာ အရည်အချင်းစစ် ကော်မတီ (Credentials Committee) က ကနဦး အတည်ပြုရွေးချယ်ပါတယ်။ သာမန်အားဖြင့် နိုင်ငံတနိုင်ငံ၊ အစိုးရတရပ်ကနေ ကိုယ်စားလှယ်တဦးကိုသာ နိုင်ငံကိုယ်စားပြု ကုလသံအမတ်ကြီး (ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်) အဖြစ် ခန့်အပ်ဖို့ လျှောက်ထားကြတာမို့ အရည်အချင်း စစ်ကော်မတီဝင်တွေက ခေါင်းချင်းရိုက်စိစစ်စရာမလိုဘဲ အတည်ပြုပေးလိုက်ရုံပါပဲ။
ဒါပေမဲ့ မြန်မာနိုင်ငံလို NUG အစိုးရနဲ့ စစ်ကော်မရှင် ကိုယ်စားပြုခွင့် အမည်စာရင်းတင်သွင်းမှု ၂ ဦး ဖြစ်နေတဲ့အခါ ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ အရည်အချင်းစစ်ကော်မတီက ပထမအဆင့် ဆုံးဖြတ်ရပါတော့တယ်။ အရည်အချင်းစစ်ကော်မတီကို ကုလအဖွဲ့ဝင် ၉ နိုင်ငံနဲ့ ဖွဲ့စည်းထားပြီး အဲဒီ ၉ နိုင်ငံမှာ အမြဲတမ်းအဖွဲ့ဝင်အဖြစ် အမေရိကန်၊ ရုရှားနဲ့ တရုတ်။ ကျန် ၆ နိုင်ငံက အလှည့်ကျအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ အရည်အချင်းစစ်ကော်မတီမှာ အန်ဒိုရာ၊ ဘော့စ်ဝါနာ၊ တရုတ်၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ မလေးရှား၊ ရုရှား၊ ဆီနီဂေါ၊ ထရီနီဒက်၊ တိုဘာဂိုနဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ပါတယ်။
အရည်အချင်းစစ်ကော်မတီအနေနဲ့ တင်သွင်းမှု ၂ မျိုးအနက် တမျိုးကို ရွေးချယ်နိုင်ပါတယ်။ ဒါမှမဟုတ် တင်သွင်းမှု ၂ မျိုးကို စဉ်းစားဆုံးဖြတ်နိုင်ရေး ရွှေ့ဆိုင်းထားပြီး အရင်ကတည်းက တာဝန်ယူထားတဲ့သူကိုပဲ ဆက်လက်တာဝန်ယူစေဆိုတဲ့ အထိမနာတဲ့ သံတမန်ဆန်ဆန်နည်းလည်း သုံးနိုင်ပါတယ်။ ဒါ့အပြင် ဘယ်သူ့ကိုမှ ကိုယ်စားပြုခွင့်မပေးဘဲ မြန်မာနေရာမှာ ထိုင်ခုံအလွတ်ထားလိုက်တာမျိုးလည်း လုပ်နိုင်ပါတယ်။
အရည်အချင်းစစ်ကော်မတီဝင်တွေကြား သဘောထားမတူညီခဲ့ရင် မဲခွဲဆုံးဖြတ်ပြီး မဲများသူ အနိုင်စ နစ်နဲ့ ပမာဏ အတည်ပြုပါတယ်။ အမြဲတမ်းအဖွဲ့ဝင် အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ဟာ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြပေမဲ့ ဗီတိုအာဏာသုံးခွင့် မရှိသလို တနိုင်ငံ တမဲကျသာ တန်းတူအခွင့်အရေးရပါတယ်။
အရည်အချင်းစစ်ကော်မတီရဲ့ အားလုံးသဘောညီဆုံးဖြတ်ချက် ဒါမှမဟုတ် မဲခွဲဆုံးဖြတ်ချက်ဟာ ပထမအဆင့်ရလဒ်သာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်ကို ကုသမဂ္ဂအထွေထွေညီလာခံသို့ ဆက်လက်ပေးပို့ အတည်ပြုစေပါတယ်။ အထွေထွေညီလာခံက အရည်အချင်းစစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း အတည်ပြုရင် ရွေးချယ်မှု ပြီးစီးပြီဖြစ်ပေမဲ့ အကယ်၍ နိုင်ငံတခုခုက ကန့်ကွက်လာတယ်ဆိုရင်တော့ နိုင်ငံအားလုံးက မဲခွဲဆုံးဖြတ်ကာ မဲများသူ အနိုင်စနစ်နဲ့ ထပ်မံရွေးချယ်ကြပါတယ်။
မြန်မာနဲ့ ပတ်သက်ပြီး ရွေးချယ်မှုကိုတော့ ၂၀၂၁ ခုနှစ်ကစလို့ ၂၀၂၅ ခုနှစ်အထိ အရည်အချင်းစစ်ကော်မတီမှာလည်း မဲခွဲစရာမလို၊ အထွေထွေညီလာခံမှာလည်း ကန့်ကွက်သူမရှိဘဲ ဦးကျော်မိုးထွန်းကိုသာ ဆက်လက်အတည်ပြုခဲ့ကြပါတယ်။ ရွေးချယ်ခန့်အပ်မှုပုံစံကတော့ တင်သွင်းမှု ၂ မျိုးစလုံးကို စဉ်းစားဆုံးဖြတ်ရန် ရွှေ့ဆိုင်းထားပြီး အရင်ကတည်းက တာဝန်ယူထားတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာ ဆက်လက်တာဝန်ထမ်းစေတာပါ။ ပြောရရင် စစ်အုပ်စု လျှောက်ထားမှုကိုလည်း မပယ်ချ၊ NUG အစိုးရ တင်သွင်းတဲ့ ဦးကျော်မိုးထွန်းကိုလည်း လက်မခံဘဲ NLD အစိုးရလက်ထက်ကတည်းက တာဝန်ထမ်းခဲ့တဲ့ ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ခန့်အပ်ခြင်းလို့ ကောက်ယူနိုင်သလို NUG အစိုးရ ကိုယ်စားပြု ဦးကျော်မိုးထွန်းကိုသာ လိမ္မာပါးနပ်စွာနဲ့ ရွေးချယ်ခန့်အပ်ခြင်းလို့လည်း ရှုမြင်နိုင်ပါတယ်။
အဲဒီလို စစ်အုပ်စုလည်း အထိမနာ၊ စစ်အုပ်စုကိုယ်စားလှယ်ကိုသာ ငြင်းပယ်ပြီးသားနည်းကို ၂၀၂၁ ခုနှစ် ရွေးချယ်ပွဲမတိုင်မီ အမေရိကန်နဲ့ တရုတ်တို့ နှစ်ဖက်ညှိနှိုင်းသဘောတူညီချက် ရခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တရုတ်အစိုးရရဲ့ မြန်မာ့အရေးရပ်တည်ချက်က ခြံစည်းရိုးပေါ်မှာ ကျကျနန ခွထိုင်နေတာပါ။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ကစလို့ စစ်အုပ်စုကို အတိအလင်းထောက်ခံကြောင်း ရပ်တည်ပြခဲ့ရုံတင်မက မြန်မာ့ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက် ဖိအားပေးခြင်းတွေနဲ့ ရှမ်းမြောက်မှာ ဦးကျိုးနေတဲ့ စစ်တပ်ကို ပြန်နာလန်ထစေခဲ့ပါတယ်။ စစ်တပ်က ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်မပြတ် လုပ်ဆောင်နေပြီး လေကြောင်းဗုံးသီးတွေ ထုတ်လုပ်နိုင်ရေးအတွက် တရုတ်အစိုးရပိုင်ကုမ္ပဏီက အကူအညီပေးနေတာဟာ စစ် အုပ်စုသက်ဆိုးရှည်ရေးအတွက် အယုတ်ကန်းဆုံး ထောက်ပံ့မှုပါပဲ။
အဲဒီလို စစ်အုပ်စု မြန်မာပြည်သူသတ်တဲ့လုပ်ငန်းစဉ်မှာပါ ကိုယ်ထိလက်ရောက်ကူညီပေးနေတဲ့ တရုတ်အစိုးရဟာ ၂၀၂၄နဲ့ ၂၀၂၅ ခုနှစ် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ရွေးချယ် ပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဘာ့ကြောင့် မကန့်ကွက်ခဲ့သလဲဆိုတာ စဉ်းစားစရာပါ။
အရည်အချင်းစစ်ကော်မတီမှာ တရုတ်ရော ရုရှားပါ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ရှိနေပါလျက် ဘာ့ ကြောင့် စစ်အုပ်စုကိုယ်စားလှယ်ကို မထောက်ခံခဲ့ကြပါသလဲ။ အရည်အချင်းစစ်ကော်မတီမှာ ဦးကျော်မိုးထွန်းကို ကန့်ကွက်မှုမဲ အသာစီးရကောင်းရနိုင်ပေမဲ့ နောက်တဆင့် ထပ်အတည်ပြုကြမဲ့ အထွေထွေညီလာခံမှာ ထပ်မဲခွဲကြရင် ကျိန်းသေပေါက် ရှုံးနိမ့်နိုင်တာကြောင့်ပါပဲ။ ပြောရရင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲမှာ တရုတ်၊ ရုရှား ဦးဆောင်တဲ့ အာဏာရှင်အုပ်စုက အနည်းငယ်သာရှိပြီး ကမ္ဘာ့ဒီမိုကရေစီအင်အားစုကို မယှဉ်နိုင်တာကြောင့် သူတင်ကိုယ်တင် မဲခွဲဆုံးဖြတ်မှုတွေ ဖြစ်လာရင် မင်းပေါင်းစုံလင်လှတဲ့ ကုလရင်ပြင်မှာ တရုတ်ကြီး အရှက်တကွဲဖြစ်နိုင်တာမို့ ဦးကျော်မိုးထွန်းကို မကန့်ကွက်ရဲခြင်းလို့ အပြတ်ပြောနိုင်ပါတယ်။
နောက်တချက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းရှိနေ ခြင်းက စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေနဲ့ မြန်မာပြည်သူတို့ရဲ့အသံကို ကုလရင်ပြင်ကနေတဆင့် နိုင်ငံတကာသိအောင် ထုတ်လွှင့်ပေးနိုင်တဲ့ စင်မြင့်တခု ရနေတာအမှန်ပါ။ စစ်အုပ်စုကို အရေးယူဖို့ ဦးကျော်မိုးထွန်းက တောင်းဆိုနိုင်ပေမဲ့ အမှန်တကယ်အရေးယူမှုအဆင့်သို့ ရောက်အောင် နောက်တလှမ်း မတိုးနိုင်ပါဘူး။
၂၀၂၂ ဒီဇင်ဘာ ၂၁ ရက်ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ထွက်ခဲ့ဖူးပါတယ်။ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ဆိုတာ ၇၄ နှစ်တာကာလအတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ ပထမဆုံး ဆုံးဖြတ်ချက်။ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အာဆီယံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ စာနာမှုအကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့ စတဲ့ အချက်တွေပါတဲ့ အဲဒီဆုံးဖြတ်ချက်ကို ဗြိတိန်နိုင်ငံက ဦးဆောင်ရေးဆွဲခဲ့ပြီး မဲခွဲအတည်ပြုရာမှာ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က မဲမပေးဘဲကြားနေကာ ကျန်လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၂ နိုင်ငံက ထောက်ခံတာကြောင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက တရုတ်ရဲ့ မြန်မာ့အရေး ရပ်တည်ချက်ဟာ ခြံစည်းရိုးပေါ် ခွထိုင်နေဆဲမို့ မဲမပေးဘဲ ကြားနေလိုက်တယ်ဆိုရင်တောင် ဗီတိုအာဏာပိုင် ရုရှားက ဘာ့ကြောင့် မပယ်ချခဲ့တာပါလဲ။ ကိုယ့်ကိစ္စမဟုတ်ဘဲ နိုင်ငံတကာအလယ်မှာ အရှက်မရစေချင်တာကြောင့် ဖြစ်နိုင်သလို ၂၆၆၉ ဟာ အသံသာရှိပြီး အဆန်မရှိတဲ့ သင်္ကြန်အမြောက်ဖြစ်နေတာကြောင့်လည်း ပါမယ်ထင်ပါတယ်။ ဆိုလိုတာက မြန်မာ့အရေးဆုံးဖြတ်ချက်- ၂၆၆၉ ဟာ တောင်းဆိုချက်မျှသာ ဖြစ်ပြီး အဲဒီတောင်းဆိုချက်အတိုင်း မလုပ်ရင် အရေးယူမယ်ဆိုတဲ့ နောက်ဆက်တွဲ ခြေလှမ်းတွေ မပါတာကြောင့် ဒီနေ့ထိတိုင် စစ်အုပ်စုက လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို အာခံရဲနေခြင်း ဖြစ်ပါတယ်။
ထပ်မေးစရာရှိလာတာက မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ကို အတည်ပြုခဲ့ပြီးနောက်ပိုင်း စစ်အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေပေမဲ့ ၂၆၆၉ ကို လျစ်လျူရှုရင် အရေးယူမယ်ဆိုတဲ့ ဆွေးနွေးမှုမျိုးတောင် လုံခြုံရေးကောင်စီမှာ ဘာကြောင့် ထပ်မရှိတာပါလဲ။ ဗီတိုအာဏာပိုင် တရုတ် နဲ့ ရုရှားရဲ့ ပိတ်ဆို့နေမှုကြောင့်ပါပဲ။ ဒါကို နောက်တမျိုး ထပ်ပြောရရင် တရုတ်နဲ့ရုရှားဟာ ကုလမျက်နှာစာကနေ စစ်အုပ်စုကို လက်တွေ့အရေးယူတဲ့ အဆင့်ထိ လုံးဝအဖြစ်မခံတာ သိပ်သေချာပါတယ်။
ဘာပဲဖြစ်ဖြစ် ကုလရင်ပြင်မှာ ဦးကျော်မိုးထွန်းရဲ့ ပြောရေးဆိုခွင့် ဆက်လက်တည်ရှိနေခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲတရပ်လို့ မှတ်ယူရပါမယ်။ ဒါပေမဲ့ ဒီနေ့ထိတိုင် စစ်အုပ်စုကို နိုင်ငံတကာအရေးယူနိုင်ရေးနဲ့ နွေဦးတော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ လက်တွေ့ကျတဲ့ပံ့ပိုးမှုတွေ မဖြစ်ထွန်းသေးခြင်းဟာ ကျနော်တို့ ရှုံးနေသေးခြင်းပါပဲ။


