
ထိုင်ဝမ်အရေး တင်းမာမှုတွေရှိနေပေမဲ့ တရုတ်နိုင်ငံနဲ့ ဆွေးနွေးဖို့ အမြဲတံခါးဖွင့်ထားတယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ဒီဇင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။
"တရုတ်နိုင်ငံဟာ ဂျပန်အတွက် အရေးပါတဲ့ အိမ်နီးချင်းဖြစ်ပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ လိုအပ်ပါတယ်၊ ဂျပန်ဘက်က တံခါးပိတ်ထားမှာ မဟုတ်ပါဘူး" လို့ တာကာအိချိက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်ဝမ်တိုက်ခိုက်ခံရရင် ဂျပန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်တယ်လို့ ပြီးခဲ့တဲ့လက တာကာအိချိ ပြောဆိုခဲ့တဲ့အပေါ် တရုတ်ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပြီး တရုတ်နိုင်ငံသားတွေ ဂျပန်ကို ခရီးမသွားကြဖို့ပါ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီသတိပေးချက်ကြောင့် ပြီးခဲ့တဲ့လအတွင်း တရုတ်ပြည်မကြီးက ခရီးသွား ၅သိန်းခွဲကျော်သာ ဂျပန်ကို ဝင်ရောက်ခဲ့ပြီး ဒါဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီနောက်ပိုင်း တိုးတက်မှုအနှေးကွေးဆုံး ဖြစ်တယ်လို့ ဂျပန်ခရီးသွားလာရေးအဖွဲ့ (JNTO) က ဆိုပါတယ်။
အိုဆာကာ ခရီးသွားလုပ်ငန်း ပြောခွင့်ရပုဂ္ဂိုလ် တာကာယူကီ ကီတာနာကာ ကတော့ "တရုတ်ခရီးသွားတွေ လျော့ကျသွားတာကို တခြားနိုင်ငံက ဧည့်သည်တွေနဲ့ အစားထိုးနိုင်ပါတယ်" လို့ မှတ်ချက်ပေးပါတယ်။
ကိန်းဂဏန်းတွေအရ တရုတ်ခရီးသွားတွေဟာ ဂျပန်ကို အများဆုံးလာရောက်သူတွေဖြစ်ပြီး ယန်းငွေတန်ဖိုးကျဆင်းမှုကြောင့် တတိယသုံးလပတ်တခုတည်းမှာတင် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ သုံးစွဲခဲ့ကြတာပါ။
Teikoku Databank ရဲ့ စစ်တမ်းအရ ကုမ္ပဏီ ၄၃ ရာခိုင်နှုန်းက လက်ရှိအခြေအနေကို စိုးရိမ်နေကြပေမဲ့ ၄၁ ရာခိုင်နှုန်းကတော့ သက်ရောက်မှုမရှိဘူးလို့ ဖြေဆိုထားကြပါတယ်။
လတ်တလော အခြေအနေတွေ ပိုမိုတင်းမာလာနေချိန်မှာပဲ ဒီလအတွင်း တရုတ်စစ်လေယာဉ်တွေက ဂျပန်ဂျက်လေယာဉ်တွေကို ရေဒါနဲ့ ချိန်ရွယ်ခဲ့တဲ့ ဖြစ်ရပ်တခုလည်း ပေါ်ပေါက်ခဲ့ပါတယ်။
Source:Reuters


