
ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသမှာ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းက ပြင်းအား ၆ ဒသမ ၉ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပြီး ဂျပန်နိုင်ငံမြောက်ပိုင်းဒေသတွေမှာ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ပြောပါတယ်။
အရှေ့မြောက်ပိုင်းဒေသက အာအို့မိုးရိ၊ ဟာချီနိုးဟဲ၊ မိုရီယိုးကာနဲ့ ယူရားကာဝါ မြို့ ၄ မြို့က စောင့်ကြည့်ကင်မရာတွေဟာ ငလျင်လှုပ်ခတ်တဲ့အချိန်ကို ပြသခဲ့ပြီး ကင်မရာတွေလည်း တုန်ခါနေခဲ့ပါတယ်။
JMA ဟာ သောကြာနေ့မှာ အာအို့မိုးရိ စီရင်စုနဲ့ ဟော့ကိုင်းဒိုးရှိ အစိတ်အပိုင်းတွေကို ဆူနာမီလှိုင်းတွေ ရောက်လာခဲ့ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဂျပန်နိုင်ငံဟာ ဆူနာမီသတိပေးချက်ကို ရုပ်သိမ်းခဲ့ပါတယ်။
ငလျင်ဟာ မနက် ၁၁ နာရီ ၄၄ မိနစ်လောက်က အာအို့မိုးရိ စီရင်စုကမ်းရိုးတန်းမှာ ၂၀ ကီလိုမီတာ (၁၂ မိုင်) အနက်မှာ လှုပ်ခတ်ခဲ့တာပါ။
JMA ဟာ ငလျင်ရဲ့ပြင်းအားကို ၆ ဒသမ ၇ ရှိတယ်လို့ ကနဦး သတ်မှတ်ခဲ့ပြီးနောက်မှာ ၆ ဒသမ ၉ ပြင်းအားရှိကြောင်း ထပ်ကြေညာခဲ့ပါတယ်။
သောကြာနေ့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ဂျပန်နိုင်ငံရဲ့ ငလျင်ပြင်းအားအဆင့် ၁-၇ သတ်မှတ်ထားတဲ့အထဲမှာ အဆင့် ၄ ရှိပါတယ်။
ဒီဇင်ဘာ ၈ ရက် နှောင်းပိုင်းတုန်းကလည်း အဲဒီဒေသမှာပဲ အင်အားပိုကြီးမားတဲ့ ၇ ဒသမ ၅ ပြင်းအားရှိ ငလျင်တခု လှုပ်ခတ်ခဲ့ပြီးနောက်မှာ တပတ်အတွင်း အင်အားပြင်းငလျင်တခု ထပ်မံလှုပ်ခတ်နိုင်ခြေ မြင့်တက်လာတာကြောင့် သတိထားကြဖို့ အစိုးရဟာ မြောက်ပိုင်းရှိ ဟော့ကိုင်းဒိုးမှ တိုကျိုအရှေ့ဘက်ရှိ ချီဘာအထိ ကျယ်ပြန့်တဲ့ဒေသတဝန်းရှိ ဒေသခံတွေကို အထူးသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။


