Home
Lead Story
ဂျပန်တွင် ပြင်းအား ၇ ဒသမ ၅ ရှိ ငလျင်လှုပ်ပြီး လူ ၃၀ ဒဏ်ရာရ
DVB
·
December 9, 2025
Photo: Reuters

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေမှာ ဒီဇင်ဘာ ၈ ရက် နှောင်းပိုင်းက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၅ ရှိတဲ့ ငလျင်ကြောင့် အနည်းဆုံး အယောက် ၃၀ ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ဒီဇင်ဘာ ၉ ရက်မှာ ပြောပါတယ်။

ဂျပန်အာဏာပိုင်တွေဟာ ဒီဇင်ဘာ ၉ ရက်မှာ ဒေသခံ ၉၀,၀၀၀ လောက်ကို သူတို့ရဲ့နေအိမ်တွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပြီးနောက် နာရီအနည်းငယ်အကြာမှာ ဆူနာမီ သတိပေးချက်တွေကို ရုပ်သိမ်းခဲ့ပါတယ်။

ငလျင်ဟာ တနင်္လာနေ့ညပိုင်း ၁၁ နာရီ ၁၅ မိနစ်မှာ အာအိုမိုရီစီရင်စု ကမ်းရိုးတန်းမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းရှိ အဆောက်အအုံတွေနဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ ငလျင်တုန်ခါမှုအဆင့် သတ်မှတ်ချက် ၁ မှ ၇ အထိ စကေးအရ အာအိုမိုရီပြည်နယ်ရှိ ဟာချီနိုဟေးမြို့မှာ အဲဒီတုန်ခါမှုဟာ “အဆင့် ၆ အထက်ပိုင်း” အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က နိုင်ငံရဲ့ အရှေ့မြောက်ကမ်းရိုးတန်းမှာ ၃ မီတာ (၁၀ ပေ) အထိ မြင့်မားတဲ့ ဆူနာမီလှိုင်းတခု ရိုက်ခတ်နိုင်ကြောင်း ပြောပါတယ်။

ဟော့ကိုင်းဒိုး၊ အာအိုမိုရီနဲ့ အိဝါတီ ခရိုင်တွေအတွက် သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ဆိပ်ကမ်းအများအပြားမှာ ၂၀ မှ ၇၀ စင်တီမီတာ (၇ မှ ၂၇ လက်မ) အထိ မြင့်မားတဲ့ ဆူနာမီလှိုင်းတွေကို တွေ့ရှိရကြောင်း JMA က ပြောပါတယ်။

ငလျင်ဗဟိုချက်ဟာ အာအိုမိုရီ စီရင်စုကမ်းရိုးတန်းမှ မိုင် ၅၀ အကွာ ၅၄ ကီလိုမီတာအနက်မှာ ရှိပါတယ်။

အင်္ဂါနေ့ အစောပိုင်းမှာတော့ JMA ဟာ သတိပေးချက်တွေကို အကြံပြုချက်အဆင့် လျှော့ချခဲ့ပြီး နောက်ပိုင်းမှာ ဆူနာမီ သတိပေးချက်အားလုံးကို ရုပ်သိမ်းခဲ့ပါတယ်။ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှု သတင်းတွေ မရှိသေးပါဘူး။

ဆက်တိုက် တုန်ခါမှုတွေ ဖြစ်ပေါ်အပြီးမှာ JMA ဟာ မြောက်ဘက်အစွန်ဆုံးရှိ ဟော့ကိုင်းဒိုးကျွန်းမှ တိုကျို အရှေ့ဘက်ရှိ ချီဘာ့ စီရင်စုအထိ ကျယ်ပြန့်တဲ့ဒေသအတွက် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး တပတ်အတွင်းမှာ အင်အားပြင်းငလျင်တခု ထပ်မံလှုပ်ခတ်နိုင်ခြေရှိကြောင်း ဒေသခံတွေကို သတိပေး တိုက်တွန်းခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013