
ဂျပန်စစ်ဘက်လေယာဉ်တွေက မီယာကိုရေလက်ကြားအရှေ့ဘက်က တရုတ်စစ်တပ်ရဲ့ လေ့ကျင့်ရေးလုပ်ငန်းတွေကို အကြိမ်ကြိမ် နှောင့်ယှက်နေတယ်လို့ တရုတ်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူက စွပ်စွဲလိုက်ပါတယ်။
ဂျပန်ကိုလည်း လိမ်လည်လှည့်ဖြားတဲ့ နည်းဗျူဟာတွေ သုံးတာကို ရပ်တန့်ဖို့ တိုက်တွန်းခဲ့ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဝမ်ရွှဲ့မုံ့ရဲ့ ဒီမှတ်ချက်တွေကို CNS လျောင်နင်း လေယာဉ်တင်သင်္ဘောအုပ်စုနဲ့ သူတို့ပါဝင်ဆောင်ရွက်နေတဲ့ အဝေးပြေး ပင်လယ်လေ့ကျင့်မှုနဲ့ သက်ဆိုင်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။
တနင်္ဂနွေနေ့က ကြေညာချက်ထဲမှာ လျောင်နင်း လေယာဉ်တင်သင်္ဘောအုပ်စုဟာ မီယာကို ရေလက်ကြား အရှေ့ဘက်က သတ်မှတ်ထားတဲ့ ပင်လယ်နဲ့ လေကြောင်းဧရိယာတွေမှာ လေယာဉ်တင်သင်္ဘော အခြေပြု တိုက်လေယာဉ်လေ့ကျင့်မှုကို လုပ်ခဲ့ပြီး လေ့ကျင့်ရေးဇုန်တွေကို ကြိုတင်ကြေညာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လေယာဉ်တွေက PLA ရေတပ်ရဲ့ လေ့ကျင့်ရေး လေပိုင်နက်ထဲကို “ထပ်ခါတလဲလဲ ချဉ်းကပ် နှောင့်ယှက်” ခဲ့ပြီး ပုံမှန်လုပ်ငန်းဆောင်တာတွေကို အပြင်းအထန် ထိခိုက်စေတဲ့အပြင် လေယာဉ်ပျံသန်းမှု ဘေးကင်းရေးအတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတခု ဖြစ်စေခဲ့တယ်လို့ ဝမ်က ပြောပါတယ်။
ပြောရေးဆိုခွင့်ရှိသူက ဂျပန်နဲ့ဆက်စပ်တဲ့ ကောလာဟလတွေက အချက်အလက်တွေနဲ့ လုံးဝကိုက်ညီမှုမရှိဘူးလို့ ထပ်လောင်းပြောကြားခဲ့ပြီး တရုတ်ကို အသရေဖျက်နေတာ ချက်ချင်းရပ်တန့်ဖို့နဲ့ ရှေ့တန်းတပ်ဖွဲ့တွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ ဂျပန်ကို တိုက်တွန်းခဲ့ပါတယ်။
တရုတ်ရေတပ်က သူ့ရဲ့ လုံခြုံရေး၊ တရားဝင်အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေကို အခိုင်အမာ ကာကွယ်ဖို့ ဥပဒေနဲ့အညီ လိုအပ်တဲ့ အစီအမံတွေကို လုပ်ဆောင်သွားမယ်လို့လည်း ဝမ်က ပြောခဲ့ပါတယ်။
ရိုက်တာသတင်းဌာနက ပြန်လည်သုံးသပ်ထားတဲ့ တရုတ်နိုင်ငံဟာ အရှေ့အာရှရေပြင်တလျှောက် ရေတပ်နဲ့ ကမ်းရိုးတန်း အစောင့်တပ် သင်္ဘောအမြောက်အမြားကို တပ်ချထားတယ်၊ တချိန်က စစ်သင်္ဘောအစီးရေ ၁၀၀ ကျော်ရှိခဲ့ပြီး ဒီနေ့အထိ အကြီးမားဆုံးသော ရေကြောင်းအင်အားပြပွဲ ဖြစ်တယ်လို့ သတင်းရင်းမြစ် ၄ ခုနဲ့ ထောက်လှမ်းရေး အစီရင်ခံစာတွေကို သုံးသပ် ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒီဇင်ဘာ ၃ ရက်က ရထားတဲ့ ဂြိုဟ်တုပုံရိပ်တွေမှာ တရုတ်ရေတပ် အထူးအဖွဲ့ဟာ ဖိလစ်ပိုင်ပင်လယ်ကို ဖြတ်ပြီး ဦးတည်ရာ အတိအကျ မသိပေမဲ့ တောင်ဘက်ဆီ ရွက်လွှင့်နေတာကို ပြသထားပါတယ်။
တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ တရားဝင်နာမည်ပေးထားတဲ့ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေအကြောင်း ကြေညာချက်တွေ မထုတ်ပြန်ထားဘူးလို့ ရိုက်တာသတင်းက ရေးပါတယ်။
နှစ်နိုင်ငံ သံတမန်ရေး တင်းမာနေချိန်မှာပဲ တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်ပိုင်းက ဂျပန်ကျွန်းစုအနီး လေကြောင်းစစ်ဆင်ရေး ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပါတယ်။
ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိရဲ့ သတိပေးပြောကြားချက် ထွက်ပေါ်ပြီးနောက် အခုလို တင်းမာမှုတွေ မြင့်တက်လာတာပါ။
တရုတ်လေယာဉ်တင်သင်္ဘော လျောင်နင်းဟာ အိုကီနာဝါကျွန်းတွေကို ဖြတ်ပြီး ပစိဖိတ်သမုဒ္ဒရာဘက် ခုတ်မောင်းရင်း လေယာဉ်အတက်အဆင်း အကြိမ် ၁၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၆ ရက်တုန်းကတော့ တရုတ်သင်္ဘောကို နောက်ယောင်ခံလိုက်တဲ့ ဂျပန်လေယာဉ်တွေကို ပစ်ခတ်ဖို့ တရုတ်တိုက်လေယာဉ်တွေက ရေဒါနဲ့ ချိန်ရွယ်ခဲ့တယ်လို့ ဂျပန်ဘက်က စွပ်စွဲထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝူကျန်းဟောင်ကို ဂျပန်အစိုးရက ဒီဇင်ဘာ ၇ ရက်မှာ ဆင့်ခေါ် သတိပေးခဲ့ပါတယ်။
တရုတ်သံရုံးကတော့ ဂျပန်ရဲ့ စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး ဂျပန်လေယာဉ်တွေကသာ သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို အန္တရာယ်ဖြစ်အောင် ကပ်ပျံသန်းခဲ့တာလို့ တုံ့ပြန်ပါတယ်။
ဂျပန်အနေနဲ့ ဂုဏ်သိက္ခာကျဆင်းစေတဲ့ ပြောဆိုမှုတွေ ရပ်တန့်ဖို့နဲ့ ရှေ့တန်းစစ်ဆင်ရေးတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တရုတ်ဘက်က တောင်းဆိုထားပါတယ်။
ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မီနိုးရုခိဟာရကတော့ တရုတ်ရဲ့ ပြောဆိုချက်ကို ပယ်ချလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။
ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျော့ချ်ဂလတ်စ်က ဂျပန်ဘက်က ရပ်တည်ကြောင်း ပြောကြားထားပေမဲ့ လာမယ့်နှစ် တရုတ်သွားဖို့ရှိနေတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။
Source: Reuters


