
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စည်းကြပ်ခွန်တွေက တရုတ်ရဲ့ ကမ္ဘာ့ပို့ကုန်အရှိန်အဟုန်ကို မဟန့်တားနိုင်ခဲ့ဘဲ အခုနှစ် ၁၁ လအတွင်းမှာ ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၁ ထရီလျံကျော်သွားပြီလို့ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က တနှစ်လုံးမှ ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၁ ထရီလျံနီးပါးပဲ ရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ နိုဝင်ဘာလအထိ ၁၁ လအတွင်းမှာတင် ဒေါ်လာ ၁ ဒသမ ၀၈ ထရီလျံအထိ စံချိန်တင် ရောက်ရှိလာတာ ဖြစ်ပါတယ်။
စည်းကြပ်ခွန်တွေကြောင့် အမေရိကန်ဆီ တင်ပို့မှု ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပေမဲ့ တရုတ်က အမေရိကန်ဆီက ဝယ်တာထက် ၃ ဆ ပိုပြီး ပြန်ရောင်းချနေနိုင်ဆဲ ဖြစ်ပါတယ်။
အမေရိကန်ဈေးကွက်မှာ လျော့သွားတဲ့ပမာဏကို အစားထိုးဖို့ အရှေ့တောင်အာရှ၊ ဥရောပနဲ့ အာဖရိကနိုင်ငံတွေကို ကားတွေ၊ လျှပ်စစ်ပစ္စည်းတွေ အလုံးအရင်းနဲ့ တင်ပို့ပြီး ဈေးကွက်ချဲ့ထွင်ခဲ့ပါတယ်။
ဒီလို ဈေးနှုန်းသက်သာတဲ့ တရုတ်ပစ္စည်းတွေ ဝင်ရောက်လာမှုကြောင့် ဂျာမနီနဲ့ ဂျပန်က ကုမ္ပဏီကြီးတွေအပြင် ဖွံ့ဖြိုးဆဲနိုင်ငံက စက်ရုံတွေပါ ထိခိုက်မှုတွေ ရှိနေပါတယ်။
တရုတ်ကုမ္ပဏီတွေဟာ ထရမ့်ပ်ရဲ့ စည်းကြပ်ခွန်ကို ရှောင်လွှဲဖို့အတွက် ထုတ်လုပ်မှု နောက်ဆုံးအဆင့်ကို မက္ကဆီကိုနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဆီ ရွှေ့ပြောင်းလုပ်ဆောင်တာတွေလည်း ရှိနေပါတယ်။
တရုတ်ငွေကြေးတန်ဖိုး ကျဆင်းနေတာနဲ့ ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ ကျနေတာကလည်း ပြည်ပပို့ကုန်တွေကို ပိုမိုအားကောင်းစေတဲ့ အချက်တွေ ဖြစ်ပါတယ်။
ဒါ့ကြောင့် ပြည်တွင်းဝယ်လိုအား ကျဆင်းနေပေမဲ့ ပြည်ပပို့ကုန် အားကောင်းမှုကြောင့် တရုတ်စီးပွားရေးဟာ သတ်မှတ်ထားတဲ့ တိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းကို ရောက်ရှိဖို့ ရှိနေပါတယ်။


