
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆိုမာလီလူမျိုးတွေအပေါ် လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်တွေကို ဆိုမာလီလူမျိုး ရာပေါင်းများစွာဟာ နိုင်ငံရဲ့မြို့တော် မိုဂါဒစ်ရှူးမြို့မှာ ဒီဇင်ဘာ ၅ ရက်က ချီတက်ဆန္ဒပြ၊ ရှုတ်ချခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက ဆိုင်းဘုတ်တွေကို ဝှေ့ယမ်းရင်း ဆိုမာလီ-အမေရိကန် လွှတ်တော်အမတ် အီဟန် အိုမာရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ရင်း အမျိုးသားရေးဂုဏ်သိက္ခာကို ကာကွယ်တဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။
ဆိုမာလီယာအကြောင်း ထရမ့်ပ်ရဲ့ စော်ကားတဲ့ မှတ်ချက်တွေဟာ မကျေနပ်မှုကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေပြီး ဆိုမာလီလူမျိုးတွေကို စည်းလုံးစေခဲ့တယ်လို့ ဆန္ဒပြသူ အာယန် အူစ်မန်က ပြောပါတယ်။
“ဆိုမာလီယာရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုဖို့ အရေးကြီးတယ်။ ကျနော်တို့က အာဖရိကခြင်္သေ့တွေပါ။”
အတိုက်အခံ ရာမာ့စ်ပါတီဝင်တွေလည်း စုဝေးဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး မွတ်ခ်တာအလီက စည်းလုံးညီညွတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
“ဒီလို ဖော်ပြချက်တွေက လက်မခံနိုင်စရာဖြစ်ပြီး ကျနော်တို့က လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ရမယ်။ ဆိုမာလီယာဟာ ဘယ်တော့မှ မပျက်စီးသင့်တဲ့ ကြွယ်ဝပြီး ကျယ်ပြန့်တဲ့ သမိုင်းကြောင်းတခုအဖြစ် ဂုဏ်ယူနိုင်တယ်။”
ထရမ့်ပ်ကတော့ ဆိုမာလီ ရွှေ့ပြောင်းနေထိုင်သူတွေကို ဝေဖန်ပြီး မကြာသေးမီက သူတို့ကို “အမှိုက်” လို့ခေါ်တဲ့ မှတ်ချက်တွေ ထွက်လာပြီးတဲ့နောက် အခုဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့တာပါ။
ထရမ့်ပ်ရဲ့ မှတ်ချက်တွေဟာ အမေရိကန်ပြည်ထောင်စုထဲက အာဖရိကန် အသိုက်အဝန်းတွေကြားမှာ ကြောက်ရွံ့မှုတွေကို ပိုဆိုးရွားစေခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ထရမ့်ပ်အစိုးရအဖွဲ့ဟာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အရေးယူ ဆောင်ရွက်မှုတွေ တိုးချဲ့ခဲ့ပြီး ကန့်သတ်ထားတဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကို တွန်းအားပေးခဲ့လို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ရှုတ်ချတာ ခံခဲ့ရပါတယ်။
Source: Reuters


