
ဘယ်လိုဖမ်းဆီးအကြမ်းဖက်မှုတွေရှိရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ မန္တလေး၊ ဈေးချိုအနီးမှာပါဝင်ခဲ့တဲ့ သပိတ်ခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။
နာမည်ကျော်သပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာတေဇာဆန်း၊ ကိုခန့်ဝေဖြိုးနဲ့ ကိုနန်းလင်းတို့ ဦးဆောင်ပြီး မန္တလေးမြို့လယ် စျေးချိုတော်အနီး၊ သစ်သီးတန်းမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ရုပ်သံဖိုင် ဒီဇင်ဘာ ၄ ရက်နေ့မှာ ထွက်ပေါ်ခဲ့တာပါ။
ဒီဆန္ဒပြလူထုလှုပ်ရှားမှုကို စစ်ခေါင်းဆောင်တွေ ပြင်ဦးလွင်နဲ့ မန္တလေးဘက်ရောက်နေချိန်၊ မန္တလေးမြို့လယ်မှာ စစ်ကောင်စီတပ်သားတွေ ခြေရှုပ်နေချိန်မှာပဲ ပြည်သူလူထုရဲ့ ကူညီစောင့်ရှောက်မှုနဲ့ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ သပိတ်ခေါင်းဆောင်တွေက အသိပေးထားပါတယ်။
ရန်ကုန်မြို့ပြသပိတ်ခေါင်းဆောင် ကိုနန်းလင်းက “ယနေ့ နွေဦးတော်လှန်ရေးရဲ့ အခြေအနေအရပ်ရပ်အရ လူထုတိုက်ပွဲ လူထုလှုပ်ရှားမှုတွေကို အရှိန်အဟုန်မြှင့်ကြဖို့လိုပါတယ်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ တိုင်းပြည်ကို အာဏာရှင်ချောက်နက်ထဲ၊ လူထုကို တကယ့်ဆင်းရဲမွဲတေမှု ချောက်နက်ကြီးထဲကို ဆွဲချ တွန်းချမယ့် ထောင်ချောက်ဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီအချိန် ဒီကာလမှာ လူထုအား လူထုလှုပ်ရှားမှုတွေနဲ့ ကျနော်တို့ အရှိန်မြှင့်ပြီးတော့မှ တဖက်ကဖြစ်နေတဲ့ စစ်ရေးတိုက်ပွဲ စစ်ရေးအခြေအနေတွေ နဲ့ ပေါင်းစပ်ရမယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ ဒီရွေးကောက်ပွဲအတုပြီးလည်း ကျနော်တို့ တော်လှန်ရေးက ခိုင်ခိုင်မာမာ ဆက်ရှိနေမယ်ဆိုတာကိုလည်း နိုင်ငံတကာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း သတင်းစကားပေးလိုပါတယ်။ မြန်မာပြည်သူတွေဟာ လွတ်လပ်ခွင့် နဲ့ ဒီမိုကရေစီအတွက်၊ ဖက်ဒရယ်အတွက် ဆက်ပြီးတော့ တိုက်ပွဲဝင်နေမယ့် ပြည်သူတွေ ဖြစ်တယ်ဆိုတာကိုလည်း ပြောချင်ပါတယ်ဗျ” လို့ ပြောပါတယ်။
မုံရွာသပိတ်ဦးဆောင်ကော်မတီမှာ ကိုခန့်ဝေဖြိုးက “စစ်အာဏာရှင်စနစ် ပြိုကျဖို့အတွက်ဆိုရင်ပေ့ါနော် ဒီလူထုလှုပ်ရှားမှုတွေက အင်မတန်အရေးပါတဲ့ အခန်းကဏ္ဏကနေ ပါဝင်တယ်ပေါ့ဗျာ။ အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားတဲ့နေရာတွေ၊ အထူးသဖြင့် မန္တလေး၊ ရန်ကုန်လိုမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ၊ ပုံစံမျိုးစုံရှိတဲ့ လူထုလှုပ်ရှားမှုတွေကို ကျနော်တို့ အမြဲမပြတ် ဖော်ဆောင်နိုင်ခြင်းက မင်းအောင်လှိုင်တို့ဟာ တရားမဝင်ဘူး၊ ပြည်သူလူထုက အကြမ်းဖက်စစ်အုပ်စုရဲ့ အမိန့်အာဏာတွေကို လိုက်လျောမှုမပြုဘူး၊ မနာခံဘူးဆိုတဲ့ သဘောတရားကို ကျနော်တို့အသက်တွေ ဘဝတွေနဲ့ရင်းပြီးတော့ ထူထောင်တာပေါ့ဗျာ။ အာဏာရှင်တွေရဲ့အရှိုက်ကို အင်မတန်ထိစေတယ်ပေါ့ဗျာ၊ စစ်တပ်ကို ကျနော်တို့ပြောချင်တာက ဒီစစ်အာဏာရှင်စနစ်ကိုယ်တိုင်က စစ်တပ်ကိုယ်တိုင် ပျက်စီးဆုံးရှုံးတာတွေ ဖြစ်နေတာ လက်တွေ့ပဲပေါ့နော်။ အဲ့ဒါကြောင့်မို့ ဒီစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာ လူထုနဲ့အတူ လက်တွဲကြဖို့အတွက် တပ်မတော်အရာရှိတွေ၊ အရာခံဗိုလ်တွေ၊ တပ်မတော်သားတွေကို ကျနော်တို့ကတော့ တိုက်တွန်းချင်ပါတယ်ဗျ” လို့ ပြောပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့) “အပြင်မထွက်၊ အသံတိတ်သပိတ်” (Silent Strike) မှာ လူထုသဘောထားဆန္ဒနဲ့ တောင်းဆိုချက် ၃ ရပ်ကို ဖော်ဆောင်နိုင် ဖို့ရည်ရွယ်တယ်လို့ သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။
အဓမ္မဖမ်းဆီးအကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေး၊ စစ်ကောင်စီအတုအယောင်ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ရေး၊ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေကို လုံးဝဖျက်သိမ်းရေး စတဲ့အချက် ၃ ရပ်ကို သပိတ်ခေါင်းဆောင်တွေက ပြည်သူတွေကိုယ်စား တိုက်တွန်းတောင်းဆိုနေတာ ဖြစ်ပါတယ်။
သုတချမ်းသာ


