
သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနဲ့အဖွဲ့ မန္တလေးစျေးချိုမှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြခဲ့တာနဲ့ပတ်သက်ပြီး ထောက်ခံအားပေးခဲ့တဲ့ စျေးသည်တွေကို စစ်ကောင်စီတပ်က အင်အား ၃၀၀ နီးပါးနဲ့ ဒီဇင်ဘာ ၄ ရက် ညကနေ ဒီကနေ့ မနက်အထိ ဖျက်ဆီးဖယ်ရှားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၁၂ နာရီကနေ ဒီကနေ့မနက်အထိ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံ အနောက်ရပ်ကွက်၊ ၂၉ လမ်း၊ ၈၄x၈၅ လမ်းကြားရှိ ပျံကျဈေးအတွင်းက စျေးသည်တွေကို ဖယ်ရှားခဲ့တာလို့ စျေးရောင်းချသူတယောက်က DVB ကို ပြောပါတယ်။
“မနေ့က စျေးသည်တွေကို ဒေါက်တာတေဇာဆန်းနေတဲ့ နေရာကို သိလားဆိုပြီး စစ်တပ်က လာမေးတယ်။ စျေးသည်တွေက မသိဘူးဆိုတော့ အားပေးတာတော့ သိတယ်၊ နေတဲ့နေရာတော့ မပြောချင်ကြဘူး၊ ခင်ဗျားတို့ သိမယ်ဆိုပြီး ညဘက် စျေးကိုလာဖျက်တာ၊ ဒီနေ့အထိပဲ။”
ဒေါက်တာတေဇာဆန်း ဆန္ဒပြခဲ့တဲ့ ပျံကျစျေးအတွင်းကို စစ်ကောင်စီက ကား ၄ စီးနဲ့ စည်ပင်၊ ပြည်သူ့စစ်၊ အုပ်ချုပ်ရေးအဖွဲ့အင်အား ၃၀၀ နီးပါးနဲ့ လာဖျက်တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“အင်အား ၃၀၀ ကျော်တယ် လာဖျက်တာ။ စစ်တပ်ပါတယ်၊ စည်ပင်ပါတယ်၊ ထွေအုပ်ပါတယ်၊ ပြည်သူ့စစ်တွေပါတယ်၊ ညကတည်းက မနက် စျေးရောင်းဖို့ထားတဲ့ ပစ္စည်းတွေအကုန် သိမ်းသွားတာ။ ဆိုင်ခန်း ၇၀ လောက် ရှိမယ်။ စျေးသည်တွေဘဝက သနားဖို့ အတော်ကောင်းတယ်။”
ဒီဇင်ဘာ ၃ ရက် မနက်က လုံခြုံရေးတင်းကျပ်ထားတဲ့ ကြားကနေ ဒေါက်တာတေဇာဆန်းနဲ့ အဖွဲ့က ချမ်းအေးသာစံ အနောက်ရပ်ကွက်၊ ၂၉ လမ်း၊ ၈၄x၈၅ လမ်းကြားမှာ ရွေးကောက်ပွဲကို ဆန့်ကျင် ဆန္ဒပြခဲ့တာပါ။
လမ်းဘေးစျေးသည်တွေ ဖယ်ရှားမှုကို ချမ်းအေးသာစံမြို့နယ်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ဗိုလ်မှူးအေးလင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်တို့က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာတေဇာဆန်းခေါင်းဆောင်တဲ့အဖွဲ့ဟာ ဈေးထဲမှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေကြဲချတာ၊ စစ်အုပ်စုလုပ်မဲ့ ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ ပြည်သူတွေကို အသိပေး နှိုးဆော်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
လာမဲ့ ဒီဇင်ဘာ ၁၀ ရက်မှာလည်း မန္တလေး အပါအဝင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အသံတိတ်သပိတ် လုပ်ဆောင်သွားဖို့ ရှိနေတဲ့အတွက် ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ကိုလည်း ဆန္ဒပြလူငယ်တွေက တိုက်တွန်းပြောဆိုသွားတာ တွေ့ရပါတယ်။
ဒါ့အပြင် လာမဲ့ရွေးကောက်ပွဲမှာ မဲမပေးကြဖို့နဲ့ စစ်မှုထမ်းဥပဒေကို ကန့်ကွက်ကြဖို့ကိုလည်း ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။


