
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ကပေးအပ်တဲ့ ပထမဆုံးငြိမ်းချမ်းရေးဆုကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုအဆင့် မဲခွဲပွဲမတိုင်မီ လက်ခံရရှိခဲ့ပါတယ်။
ဒီဆုဟာ ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်ရာမှာ ထူးခြားပြီး သာမန်ထက်ပိုတဲ့ စွမ်းဆောင်မှုနဲ့ ကမ္ဘာပေါ်က လူတွေညီညွတ်အောင် စွမ်းဆောင်နိုင်သူကိုပေးဖို့ သတ်မှတ်ထားတဲ့ အကြောင်း ဖီဖာဥက္ကဋ္ဌအင်ဖာတီနိုက ဒီနှစ်ထဲမှာ မိတ်ဆက်ပေးခဲ့ဖူးပါတယ်။
ဒီဆုကို ထရမ့်ပ်ရမယ်လို့ ခန့်မှန်းခဲ့ကြပြီး တကယ်လည်းရခဲ့တာဖြစ်ပါတယ်။ ဖီဖာဟာ ထရမ့်ပ်ကို ငြိမ်းချမ်းရေးဆုလည်ဆွဲ၊ ရွှေဖလားနဲ့ အသိအမှတ်ပြု လက်မှတ်တို့ကို ပေးအပ်ခဲ့ပါတယ်။
ထရမ့်ပ်က စစ်ပွဲတွေကို ရပ်တန့်ခဲ့တာနဲ့ စစ်ပွဲတွေ မဖြစ်မီ တခြားနိုင်ငံ့အရေးတွေကို ရပ်တန့်နိုင်ခဲ့တာကြောင့် လူ့အသက်ပေါင်း ၁၀ သန်းကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောပါတယ်။
ထရမ့်ပ်က “ဒီဆုဟာ ကျနော့်ဘဝမှာ ကြီးမားတဲ့ ဂုဏ်ယူစရာတွေထဲက တခုပါ။ ဂီယာနီက မယုံကြည်နိုင်စရာကောင်းတဲ့ လုပ်ဆောင်မှုတွေ လုပ်ပြခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ရောင်းချရမှုက သတ်မှတ်ထားတာ ထက်ကျော်ပြီး ရောင်းချထားရပါတယ်။ ကမ္ဘာ့ကြီးက လက်ရှိအချိန်မှာ ပိုပြီး ဘေးကင်းလာပါပြီ ပြီးခဲ့တဲ့ ၁ နှစ်ကဆိုရင် အမေရိကန်က အခုလိုမဟုတ်သေးပါဘူး။ အခုတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးနိုင်ငံတနိုင်ငံ ဖြစ်လာပါပြီ” လို့ ပြောပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို ၃ နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲကို ဇွန်လ ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ ပြုလုပ်မှာဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့် မဲခွဲပွဲကို ထရမ့်ပ်နဲ့အတူ မက္ကဆီကိုသမ္မတ ရှိန်းဘောင်း၊ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးတို့ ဖွင့်လှစ်ပေးခဲ့ပါတယ်။
Source: Reuters


