
အာရှပစိဖိတ်ဒေသ ကောင်းကင်ယံမှာတော့ မုန်တိုင်းအရိပ်အငွေ့တွေ တိုးလာနေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်က ဂျပန်ဝန်ကြီးချုပ်သစ် ဆာနာအဲ တာကာအိချိ ပါလီမန်မှာ ပြောခဲ့တဲ့ "ထိုင်ဝမ် အရေးပေါ်အခြေအနေဟာ ဂျပန်နိုင်ငံ ရှင်သန်ရပ်တည်ရေးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်တယ်" ဆိုတဲ့ စကားတခွန်းက အစပျိုးလိုက်တာပါ။
ထိုင်ဝမ်နဲ့ ပတ်သက်ရင် ဆတ်ဆတ်ထိမခံတဲ့ တရုတ်နိုင်ငံအတွက် ဒါဟာ ယမ်းမီးစတစ ဖြစ်ခဲ့ပြီး ပြင်းထန်တဲ့ သံတမန်ရေးရာ တုံ့ပြန်မှုတွေ ဆက်တိုက် ထွက်ပေါ်လာပါတယ်။ အိုဆာကာအခြေစိုက် တရုတ်ကောင်စစ်ဝန်က X (Twitter) မှာ "ညစ်ပေနေတဲ့ လည်ပင်းကို မဆိုင်းမတွ ဖြတ်တောက်ပစ်ရုံမှအပ ရွေးချယ်စရာမရှိ" ဆိုတာမျိုးထိ ရေးခဲ့ပြီး နောက်ပိုင်းမှာ ပြန်ဖျက်သွားပါတယ်။ တရုတ်အစိုးရရဲ့ "Wolf Warrior Diplomacy" လို့ခေါ်တဲ့ ဝံပုလွေစစ်သည် သံတမန်ရေးရာလေသံကို လှစ်ကနဲမြင်ရတာပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း ဂျပန်ဟာ အနီရောင်စည်းကို ကျော်လိုက်တာပဲလို့ ပြောပါတယ်။
အဲဒီနောက် တလတာကာလအတွင်း တရုတ်က သံတမန်ရေး၊ စီးပွားရေး၊ စစ်ရေး၊ သတင်းပြန်ကြားရေး နည်းလမ်းမျိုးစုံသုံးပြီး တင်းမာမှု အရှိန်မြှင့်တင်လာခဲ့တာမှာ အခုဆိုရင် အာရှစီးပွားရေးနဲ့ လုံခြုံရေး ဆူနာမီလှိုင်းရိုက်ခတ်မဲ့ အလားအလာတခု ဖြစ်လာနေပါတယ်။ နိုင်ငံရေးသမားတွေ စကားလုံးဗုံးကြဲနေ တာထက်ပိုတဲ့ ဒေါ်လာ ဘီလီယံချီတဲ့ စီးပွားရေးစစ်ပွဲတွေ၊ လူမှုကွန်ယက်အသံဗလံတွေ၊ သမိုင်းရဲ့ အနည်ကျကျောက်အမုန်းတရားတွေနဲ့ စစ်ရေးထိပ်တိုက်တွေ့ဆုံမှုတွေ ရှုပ်ထွေးယှက်နွယ်နေပါတယ်။
ရေတပ်၊ လေတပ်လှုပ်ရှားမှုနဲ့ မြင့်တက်လာတဲ့ စစ်ရေးအရှိန်
အရင်ကတည်းက သိပ်မပြေလည်လှတဲ့ တရုတ်-ဂျပန် သံတမန်ဆက်ဆံရေးဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ မျက်နှာချင်းဆိုင် နီးနီးစပ်စပ်တွေ့တဲ့ အဆင့်ထိရောက်လာပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရဲ့ မှတ်ချက်အပြီး ရက်ပိုင်းအတွင်းမှာပဲ အငြင်းပွားရေပိုင်နက်တွေက စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက် ဖြစ်လာပါတယ်။
အရှေ့တရုတ်ပင်လယ်ဝေဟင်မှာ တရုတ် J-20 နဲ့ ဂျပန် F-15/F-35 တိုက်လေယာဉ်တွေ ကြားဖြတ်ပျံသန်းမှုတွေ လုပ်ခဲ့ပါတယ်။ အကြိမ်အရေအတွက် ပိုစိပ်လာသလို၊ ပျံသန်းတဲ့ အကွာအဝေးကလည်း အန္တရာယ်များတဲ့ထိ နီးကပ်လာပါတယ်။ တရုတ် H-6K နဲ့ ရုရှား Tu-95 ဗုံးကြဲလေယာဉ်တွေ ဂျပန်ပင်လယ်ပြင်နဲ့ ပစိဖိတ်သမုဒ္ဒရာအပေါ်မှာ ပူးတွဲကင်းလှည့်ပျံသန်းပြီး ဂျပန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန် (ADIZ) ကို စိန်ခေါ်ခဲ့ပါတယ်။ တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် B-52 ဗုံးကြဲလေယာဉ်တွေကလည်း ဂျပန်လေတပ်နဲ့ တွဲဖက်ပြီး အင်အားပြပျံသန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဂျပန်ဘက်ကလည်း နန်ဆေးကျွန်းစုလို့ခေါ်တဲ့ အိုကီနာဝါနဲ့ ထိုင်ဝမ်ကြားက ကျွန်းတွေမှာ Type-12 မြေပြင်မှ ရေပြင်ပစ် ဒုံးကျည်စနစ်တွေကို တိုးချဲ့ချထားပြီး တရုတ်ရေတပ်ရဲ့ ထွက်ပေါက်ကို ပိတ်ဆို့ဖို့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တရုတ်အစိုးရဟာ ဂျပန်စစ်ဘက်ထိပ်တန်း အရာရှိတချို့ကို ပစ်မှတ်ထားပြီး အရေးယူပိတ်ဆို့မှု ကြေညာခဲ့ပါတယ်။
အပြန်အလှန်လူထုကြားက ဓာတ်ပျက်ကြပုံ
တရုတ်နဲ့ ဂျပန် Gen Z လူငယ်တွေကြားမှာလဲ “စိတ်ပိုင်းဆိုင်ရာ နံရံခြားနားမှု” (Psychological Wall) ကြီးကြီးမားမား ရှိနေပါတယ်။ ပိုငယ်တဲ့ တရုတ်မျိုးဆက်သစ်တွေကြားမှာတော့ ဆိုရှယ်မီဒီယာ ခေတ်ရေစီးကြောင်းနဲ့အတူ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သူတွေ ပိုများလာပါတယ်။ သူတို့မျိုးဆက်က တရုတ်နိုင်ငံကို အင်အားကြီးနိုင်ငံအဖြစ် ဂုဏ်ယူကြပြီး၊ သမိုင်းရန်သူ ဂျပန်ရဲ့ လုပ်ရပ်တိုင်းကို သံသယမျက်လုံးနဲ့ ကြည့်လေ့ရှိပါတယ်။ သူတို့မှာ (Victimhood Nationalism) သားကောင်ဖြစ်ခဲ့ဖူးတဲ့ နာကျင်မှုကနေ ပေါက်ဖွားလာတဲ့ အမျိုးသားရေးဝါဒ ရှိကြတယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။
ဂျပန်လူငယ်တွေဘက် ကြည့်ရင်လည်း တရုတ်ခရီးသွားတချို့ရဲ့ အပြုအမူ (စကားသံကျယ်တာ၊ တန်းမစီချင်တာ၊ အမှိုက်ပစ်တာ) တွေအပေါ် လက်မခံနိုင်တာ လူမှုရေး ဓာတ်ပျက်လာတာတွေ ရှိပါတယ်။ စစ်တမ်းတွေအရ ဂျပန်လူထု ၉၀ ရာခိုင်နှုန်းနီးပါးဟာ တရုတ်တွေအပေါ် သိပ်အမြင်မကြည်လင်ကြသလို အလားတူ တရုတ်တွေဘက်ကလည်း ဂျပန်ဘက်ကို သဘောမကျတဲ့ ပမာဏက မတိမ်းမယိမ်း ရှိပါတယ်။
သမိုင်းဒဏ်ရာနဲ့ မျိုးချစ်စိတ်ပညာရေး
တရုတ်လူထုကြားက ဂျပန် မုန်းတီးစိတ်ဟာ သမိုင်းဖြစ်ရပ်တွေနဲ့လည်း ဆက်စပ်ပါတယ်။ ၁၉၃၇ ခုနှစ် “နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု”ဟာ တရုတ်အမျိုးသားရေး လှုံ့ဆော်မှုမှာ အရေးကြီးပါတယ်။ လူပေါင်း ၃၀၀,၀၀၀ ကျော် သတ်ဖြတ်ခံရတဲ့ ဒီဖြစ်ရပ်ကို တရုတ်ရဲ့ “မျိုးချစ်စိတ်ဓာတ် ပညာရေး”မှာ အထပ်ထပ် သင်ကြားပေးထားလို့ တရုတ် Gen Z တွေအတွက် ဂျပန်ဟာ “သမိုင်းရန်သူ” ဖြစ်နေဆဲပါ။ ဂျပန်လူငယ်တွေဘက်မှာကျတော့ သူတို့မလုပ်တဲ့ အရင်မျိုးဆက်တွေရဲ့ စစ်ရာဇဝတ်မှုတွေအတွက် ဘယ်အချိန်ထိ တောင်းပန်နေရဦးမှာလဲဆိုတဲ့ အမြင်မျိုးတွေ တွေ့ရတတ်ပါတယ်။
တဖက်မှာလည်း Soft Power ရဲ့ ဝိရောဓိတချို့ရှိပါတယ်။ ဂျပန် Anime ကြိုက်တဲ့ တရုတ်လူငယ် ထုနဲ့ထည်နဲ့ ရှိသလို၊ ဂျပန်လူငယ် သန်းပေါင်းများစွာကလည်း တရုတ်ထုတ် TikTok နဲ့ Genshin Impact ဂိမ်းတွေကို သုံးစွဲနေကြပါတယ်။ “Anime ကြိုက်တာနဲ့ နိုင်ငံရေးကို ထောက်ခံတယ်လို့ မဆိုနိုင်ဘူး”၊ “ယဉ်ကျေးမှုကို စားသုံးပေမဲ့ အမျိုးသားရေးစိတ်ဓာတ်က သီးခြားစီပဲ” မဟုတ်လားလို့ ငြင်းချက်ထုတ်စရာလည်း ရှိနိုင်ပါတယ်။
ဒီဂျစ်တယ် စစ်မြေပြင်
ဒီနေ့ခေတ် ပဋိပက္ခတွေဟာ မြေပြင်မှာတင်မကတော့ဘဲ ဖုန်း Screen ပေါ်မှာလည်း ရောင်ပြန်ဟပ်ပါတယ်။ လူမှုကွန်ရက် (Weibo/Douyin) Algorithm တွေက အမျိုးသားရေး လှုံ့ဆော်မှုတွေကို လူကြိုက်များအောင် တွန်းပို့ပေးလေ့ရှိပါတယ်။ ဂျပန်ကုန်ပစ္စည်း သပိတ်မှောက်တာ၊ ဂျပန်ဆန့်ကျင်ရေး ပြောဆိုတာတွေက လူကြည့်များမှုရစေတဲ့ နည်းလမ်းတခု ဖြစ်လာပါတယ်။ တဖက်မှာလည်း ဂျပန်လူမှုကွန်ရက်တွေမှာ တရုတ်ခရီးသွားတွေရဲ့ စည်းကမ်းမဲ့ပုံတွေကို တင်ပြပြီး လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေ သုံးစွဲလာကြပါတယ်။ ဒစ်ဂျစ်တယ် ဇာတိမာန်ရဲ့ တပိုင်းတစ မှန်ကူကွက်တွေပါပဲ။
အွန်လိုင်းပေါ်ကနေ အပြင်လောကထိပါ တင်းမာလာတာလည်း ရှိပါတယ်။ တိုကျိုမြို့လယ်က တရုတ်ပိုင်လုပ်ငန်းတွေရှေ့မှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့သလို၊ ဂျပန်စစ်သည်တွေရဲ့ ဝိညာဉ် ယာစုကုနိ နတ်ကွန်းမှာ တရုတ်ခရီးသွားတချို့က “Toilet” လို့ ဆေးမှုတ်ရေးသားတာ၊ အပေါ့စွန့်တာမျိုးတွေကို ဗီဒီယိုရိုက်ပြီး တုံ့ပြန်ခဲ့ကြပါတယ်။ ဂျပန် လက်ယာစွန်း အမျိုးသားရေးဝါဒီတွေ ကြားမှာလည်း ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အွန်လိုင်းပေါ်က ဆူညံသံတွေက ၂ နိုင်ငံစလုံးက လူထုသဘောထားအလုံးစုံ ထင်ဟပ်တယ်လို့ မှတ်ယူရခက်ပါတယ်။ ကိုယ့်စီးပွားရေးကိုယ်လုပ်ပြီး အေးဆေးနေချင်တဲ့ အသံတိတ် လူများစုကြီးကလည်း ၂ နိုင်ငံစလုံးမှာ ရှိနေနိုင်ပါတယ်။
ကိန်းဂဏန်းတွေနဲ့ စီးပွားရေးစစ်ပွဲ
ကုန်သွယ်ရေးချိတ်ဆက်မှု အားကောင်းနေရင် စစ်ပွဲရဲ့ ကုန်ကျစရိတ် သိပ်မြင့်မားလို့ စစ်မဖြစ်နိုင်ဘူး ဆိုတဲ့ ယူဆချက်တွေ ရှိတတ်ပေမဲ့ နိုင်ငံရေးပဋိပက္ခမှာ ကုန်သွယ်ရေးဟာ လက်နက်တခုလည်း ဖြစ်လာတတ်ပါတယ်။ ၂၀၂၃ ခုနှစ်က ဂျပန်ပင်လယ်စာ ပိတ်ပင်မှုထက် ပိုပြင်းထန်တဲ့ ရိုက်ခတ်မှုတွေကို အခု ၂၀၂၅ နှစ်ကုန်ပိုင်းမှာ တွေ့မြင်နေရပါတယ်။
တရုတ်နိုင်ငံက သူ့နိုင်ငံသားတွေကို ဂျပန်နိုင်ငံဆီ မသွားကြဖို့ “ခရီးသွားသတိပေးချက်” ထုတ်ပြန်ခဲ့ပြီးနောက် ဂျပန်ခရီးသွားလုပ်ငန်း သိသိသာသာ ထိခိုက်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလလယ်အထိ တရုတ်-ဂျပန် လေကြောင်းခရီးစဉ်ပေါင်း ၁,၉၀၀ ကျော် ဖျက်သိမ်းခံလိုက်ရပြီး ခရီးသည် ၅ သိန်းလောက်ရဲ့ ခရီးစဉ်တွေ ပျက်စီးသွားပါတယ်။
ဒီဇင်ဘာလအတွင်း ဂျပန်ဟိုတယ်တွေမှာ တရုတ်ဧည့်သည်အဝင် ၅၀ ကနေ ၇၀ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါတယ်။ ဂျပန်ခရီးသွားလုပ်ငန်းမှာတင် ဒေါ်လာ ဘီလီယံချီပြီး ထိခိုက်စေတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ စီးပွားရေး ကုန်သွယ်ရေး ပြဿနာရှိလာရင် နှစ်ဖက်စလုံး ထိတတ်တာမို့ တင်းမာမှု ပိုဆိုးလာရင်တော့ တရုတ်ဘက်မှာလည်း စီးပွားရေး အထိအခိုက်တွေ ရှိလာနိုင်ပါတယ်။
တရုတ်နိုင်ငံမှာ စီစဉ်ထားတဲ့ ဂျပန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲ၊ Fan Meeting အားလုံးနီးပါး ရပ်ဆိုင်းခံလိုက်ရသလို၊ ရှန်ဟိုင်းနဲ့ ပေကျင်းက ဂျပန်စားသောက်ဆိုင်တွေလည်း သပိတ်မှောက်ခံထားရလို့ ဆိုင်ပိတ်ရမဲ့အခြေအနေ ကြုံနေရပါတယ်။ နောက်ထပ် ထူးခြားတဲ့ သင်္ကေတတခုကတော့ “ပန်ဒါ သံခင်းတမန်ခင်း” နိဂုံးချုပ်သွားတာပါ။ ဂျပန်မှာ ငှားရမ်းပြသထားတဲ့ ပန်ဒါတွေကို တရုတ်ဘက်က ပြန်ခေါ်တော့မယ်လို့ ကြေညာလိုက်တာဟာ “ငါတို့ကြားက ချစ်ကြည်ရေး ပြီးဆုံးသွားပြီ” လို့ အချက်ပြလိုက်တဲ့ သဘောမျိုးပါ။
အနာဂတ် အလားအလာ
နိုင်ငံရေးသီအိုရီတွေအရ အစိုးရတွေဟာ ပြည်တွင်းဖိအားများလာရင် ထွက်ပေါက်ရှာဖို့ “ပြင်ပရန်သူ” ကို ပုံကြီးချဲ့လေ့ရှိပါတယ်။ တရုတ်မှာက ကုန်သွယ်ရေးစစ်ပွဲ၊ စီးပွားရေးနှေးကွေးမှုနဲ့ အလုပ်လက်မဲ့ပြဿနာ၊ ဂျပန်မှာလည်း နိုင်ငံရေးမတည်ငြိမ်မှုနဲ့ လူဦးရေကျဆင်းမှု ပြဿနာကိုယ်စီ ရှိနေကြပါတယ်။ တရုတ်ဘက်ကကြည့်ရင် ဂျပန်ဟာ အမေရိကန်ရဲ့ အာရှဒေသ “ကျောက်ဆူး” ဖြစ်သလို၊ တရုတ်ကို ဝိုင်းရံထားတဲ့ “First Island Chain” (ပထမဆင့် ကျွန်းတန်း) အနေနဲ့ အမေရိကန် ကာကွယ်ရေးဗျူဟာထဲမှာ ဂျပန်ကျွန်းစုတွေက ထိုင်ဝမ်ကျွန်းနဲ့ တဆက်တည်း ရှိနေပါတယ်။ ဂျပန်က စစ်ရေးဘတ်ဂျက် တိုးချဲ့ပြီး လက်နက်တပ်ဆင်လာရင် တရုတ်ဘက်က ပိုစိုးရိမ်လာရသလို၊ ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ဘက် မိုင် ၇၀ အကွာလောက်မှာ ကျွန်းစုတွေရှိနေတဲ့ ဂျပန်အတွက်လည်း တရုတ်စစ်အင်အားချဲ့ထွင်မှုဟာ စိုးရိမ်စရာတခုပါပဲ။
လက်ရှိမှာ တရုတ်-ဂျပန် နိုင်ငံရေး၊ သံတမန်ရေးအရ အေးခဲတင်းမာနေပြီး စစ်ရေး သွေးပူလေ့ကျင့်ခန်းတွေ လုပ်နေကြတာဟာ အာရှဒေသ တည်ငြိမ်ရေးအတွက် အန္တရာယ် ခေါင်းလောင်းသံတွေပါ။ ထိုင်ဝမ် သို့မဟုတ် ကျွန်းစုတခုခုကြောင့် မကြာခင် စစ်ပွဲကြီးအဆင့်ထိ မျှော်လင့်မထားကြရင်တောင် စီးပွားရေးအရ အပြန်အလှန် ခွာပြဲကြမဲ့ ခြေလှမ်းတွေ၊ လိုရမယ်ရ တရုတ်အစားထိုး ကြိုရှာထားရမဲ့ China Plus One ဆိုတာတွေလည်း မြင်လာရနိုင်ပါတယ်။
တချိန်တည်းမှာ တရုတ်နဲ့ ဂျပန်ဟာ အပြန်အလှန် ကုန်သွယ်ဘက် အကြီးဆုံးနိုင်ငံတွေ ဖြစ်နေတာကြောင့် နှစ်စဉ် ဒေါ်လာ ဘီလီယံ ၂၉၀ ကျော် ပမာဏနဲ့ အစားထိုးရမလွယ်လှတဲ့ ကုန်သွယ်စီးပွားရေး ထုထည်တခုလည်း ရှိပါတယ်။ နည်းပညာနဲ့ ထုတ်လုပ်မှု ကွင်းဆက် “Supply Chain” တွေက နှစ်နိုင်ငံကြားမှာ နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်နေခဲ့တာပါ။
လက်ရှိ တင်းမာမှုကနေ အပြန်အလှန် စီးပွားရေးထိခိုက်မှုတွေ သိပ်များလာရင်တော့ ခေါင်းဆောင်တွေ ဖိအားပေးခံရလို့ ဆွေးနွေးပွဲဝိုင်းကို ပြန်ရောက်လာနိုင်ပေမဲ့ အရောင်းအဝယ် လုပ်လို့ရရုံ အခေါ်အပြော တည်ဆောက်တဲ့ အဆင့်လောက်ထက် မပိုနိုင်လောက်ပါဘူးလို့ မျှော်လင့်ရပါတယ်။
သန်းဝင်းထွဋ်


