Home
ဆောင်းပါး
မြန်မာ့အရေးမှာ တရုတ်က အနောက်နိုင်ငံတွေကို ဘယ်လိုကျော်တက်သွားသလဲ
DVB
·
December 12, 2025

ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ တရုတ်ဟာ စစ်အုပ်စုဘက်ကို အလေးသာစေဖို့ သူ့ရဲ့စီးပွားရေးသြဇာကို တော်တော်လေး အသုံးချလာခဲ့ပါတယ်။ စစ်အုပ်စုဘက်က နယ်မြေတွေပြန်ရဖို့နဲ့ စီးပွားရေးကို ပြန်ထိန်းချုပ်နိုင်ဖို့ တရုတ်က ကူညီပေးနေတာပါ။

တရုတ်ဟာ သူ့ရဲ့ ကြီးမားတဲ့ စီးပွားရေးအင်အား၊ မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေမှုကို ပေါင်းစပ်အသုံးချနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်နဲ့ရော၊ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ဆက်ဆံရေးတည်ဆောက်ပြီး သူ့အတွက် အကျိုးရှိအောင် ဖန်တီးယူပါတယ်။

အနောက်နိုင်ငံတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ ပိတ်ဆို့အရေးယူမှုတွေ လုပ်တယ်ဆိုပေမဲ့ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ ကုန်သွယ်မှုတွေ ဆက်လုပ်နေတုန်းပါပဲ။

စစ်အုပ်စုဘက်က ကုန်သွယ်ရေးစနစ်တွေကို အမျိုးမျိုးပြောင်းလဲပြီး သူတို့ထိန်းချုပ်လို့ရအောင်၊ အကျိုးအမြတ်ရအောင် လုပ်နေတာတောင်မှ အနောက်နိုင်ငံတွေက ဆက်လက် ဆက်ဆံနေကြတုန်းပါ။

ရလဒ်ကတော့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအရ ထိတွေ့ဆက်ဆံမှုတွေဟာ သူတို့မျှော်မှန်းထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို သွယ်ဝိုက်ပြီး ထိခိုက်စေခဲ့တာပါပဲ။

ဒါကြောင့်လည်း မြန်မာ့အရေးမှာ အနောက်နိုင်ငံတွေ ဘေးရောက်သွားပြီး တရုတ်က ဩဇာပိုညောင်းလာရတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ ချဉ်းကပ်ပုံကတော့ သူ့အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုတဲ့ အချက်အပေါ်မှာပဲ အဓိက အခြေခံပါတယ်။ အများစုကတော့ စီးပွားရေး အကျိုးအမြတ်တွေပါပဲ။

ဥပမာ - မြေရှားသတ္တုလို သယံဇာတတွေကို ရယူနိုင်ဖို့နဲ့ တခြားနိုင်ငံတွေ ဝယ်လို့မရအောင် တားဆီးတာမျိုး၊ မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းလို စီမံကိန်းတွေကို ကာကွယ်တာမျိုးတွေ ပါဝင်ပါတယ်။

နယ်စပ်ကုန်သွယ်ရေး မပြတ်တောက်ဖို့ကိုလည်း တရုတ်က လိုလားပါတယ်။ ဒါကြောင့် သူတို့ဟာ စစ်အုပ်စုနဲ့တင်မက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တရားမဝင် နယ်စပ်ဂိတ်ပေါက်တွေကနေတဆင့် ကုန်သွယ်မှုတွေ လုပ်နေတာပါ။

တရုတ်က "ပြည်တွင်းရေး ဝင်မစွက်ဖက်ဘူးတဲ့ မူဝါဒချထားတယ်" ပြောပေမဲ့ လက်တွေ့မှာတော့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ စီးပွားရေးအရ ဖိအားပေးတာတွေ မကြာခဏ လုပ်ပါတယ်။

"ဖြတ် ၅ ဖြတ်" လို့ခေါ်တဲ့ မူဝါဒကိုသုံးပြီး လက်နက်ကိုင်အဖွဲ့တွေ အလျှော့ပေးလာအောင် ဖိအားပေး အကျပ်ကိုင်ပါတယ်။

ကုန်သွယ်ရေးရပ်ဆိုင်းတာ၊ နယ်စပ်ပိတ်တာ၊ အရေးကြီးပစ္စည်းတွေ ဖြတ်တောက်တာနဲ့ ငွေကြေးဝန်ဆောင်မှုတွေကို ပိတ်ပင်တာတွေ လုပ်ပါတယ်။ ဒီနည်းလမ်းကို ကျင့်သုံးခဲ့တဲ့ သာဓကတွေ အများကြီးရှိပါတယ်။

ဇူလိုင်လတုန်းကဆိုရင် ဗန်းမော်မြို့ကို သိမ်းဖို့ကြိုးစားနေတာတွေ မရပ်ရင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေကထွက်တဲ့ မြေရှားသတ္တုတွေကို မဝယ်တော့ဘူးလို့ တရုတ်က ခြိမ်းခြောက်ခဲ့ပါတယ်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) ကိုလည်း လားရှိုးမြို့ကို ကျော်ပြီး ဆက်မချီတက်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ခပ်ကွာကွာနေဖို့ ဖိအားပေးပါတယ်။ လက်တွေ့အားဖြင့် မီး၊ ရေနဲ့ အင်တာနက်လိုင်းတွေကို တရုတ်က ဖြတ်တောက်ခဲ့ပါတယ်။

တရုတ်အစိုးရက NUG ဟာ အနောက်အုပ်စုနဲ့ နီးစပ်တယ်လို့ ရှုမြင်ထားပါတယ်။

မြောက်ပိုင်းက "ဝ" တပ်ဖွဲ့ (UWSA) ကိုလည်း တခြားအဖွဲ့တွေကို လက်နက်မထောက်ပံ့ဖို့အတွက် ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာ၊ နယ်စပ်ဂိတ်တွေ ပိတ်တာမျိုးတွေလုပ်ပြီး ဖိအားပေးခဲ့ပါတယ်။

တရုတ်ဟာ စစ်အုပ်စုကိုလည်း အလားတူ ဖိအားပေးတာမျိုးတွေ ရှိခဲ့ပါတယ်။ သိသာထင်ရှားတဲ့ အချက်ကတော့ နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ တရုတ်လုံခြုံရေးအစောင့်တွေ ပါဝင်ခွင့်ရမဲ့ ဖက်စပ်လုံခြုံရေးကုမ္ပဏီ တည်ထောင်ခွင့်ပြုဖို့ စစ်အုပ်စုကို တွန်းအားပေးခဲ့တာပါ။

ဒါ့အပြင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့လည်း ဖိအားပေးခဲ့ပါတယ်။ ရေတိုမှာတော့ ဒီနည်းလမ်းက ထိရောက်တယ်လို့ ပြောရမှာပါ။ အခုဆိုရင် ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ လျော့သွားပြီး ကုန်သွယ်ရေးပြန်စနိုင်မယ့် အခြေအနေ ရှိလာပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့ မဟာဗျူဟာက မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့မဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖြစ်စေမှာတော့ မဟုတ်ပါဘူး။ ဒါကလည်း တရုတ်အစိုးရအနေနဲ့ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်တာမျိုး ဖြစ်နိုင်ပါတယ်။

အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု (USIP) ရဲ့ အဆိုအရတော့ တရုတ်ရဲ့ ရည်မှန်းချက်က မြန်မာနိုင်ငံကို "ချည့်နဲ့ပြီး အကွဲကွဲအပြားပြားဖြစ်နေတဲ့ နိုင်ငံ" အဖြစ်ပဲ ဆက်ရှိနေစေချင်တာပါ။

တရုတ်အစိုးရရဲ့ မဟာဗျူဟာမြောက် စီးပွားရေး အကျိုးစီးပွားတွေကို ကာကွယ်နိုင်ရုံလောက် တည်ငြိမ်ရင်ကို သူတို့အတွက် လုံလောက်ပါပြီ။

အနောက်နိုင်ငံတွေကတော့ လုံးဝကွဲပြားတဲ့ လမ်းကြောင်းကို ရွေးထားပါတယ်။ သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွားနဲ့ ထိတွေ့ဆက်ဆံမှုတွေက တရုတ်နဲ့ယှဉ်ရင် နည်းပါတယ်။ သူတို့က ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုအပေါ် ပိုအလေးထားကြပါတယ်။

အမေရိကန်က ထရမ့်ပ်အစိုးရဟာ မြန်မာ့အရေး မူဝါဒကို မထုတ်ပြန်ရသေးပေမဲ့ ဘိုင်ဒင်အစိုးရတုန်းကတော့ "ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံ" ဖြစ်ဖို့ ပုံဖော်ခဲ့တာပါ။

ဥရောပသမဂ္ဂ (EU) ကလည်း သူတို့ရဲ့ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုတွေကို ငြိမ်းချမ်းရေး၊ အုပ်ချုပ်မှုစနစ် ကောင်းမွန်ရေးနဲ့ ရေရှည်တည်တံ့တဲ့ အသက်မွေးဝမ်းကျောင်းမှုတွေအပေါ် အခြေခံထားပါတယ်။

အမေရိကန်ရော EU ပါ ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားပေမဲ့ မြန်မာနဲ့ ကုန်သွယ်ရေးဆက်ဆံမှု အပေါ်မှာတော့ သိသိသာသာ ပြောင်းလဲသွားတာမျိုး မရှိပါဘူး။

ဒီအချိန်မှာပဲ စစ်အုပ်စုက တိုင်းပြည်ရဲ့ စီးပွားရေးမူဘောင်ကို အကြီးအကျယ် ပြောင်းပစ်လိုက်ပါတယ်။

ကုန်သွယ်ရေးလိုင်စင်တွေကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်တာ၊ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်တာ၊ နိုင်ငံခြားငွေကို မဖြစ်မနေ လဲလှယ်ခိုင်းတာနဲ့ ငွေလဲနှုန်းတွေ အမျိုးမျိုး သတ်မှတ်တာတွေ လုပ်လာပါတယ်။

ဒီမူဝါဒတွေထဲက တော်တော်များများဟာ နိုင်ငံတကာ ကုန်သွယ်ရေးစနစ်ရဲ့ အဓိကမူဝါဒတွေနဲ့ တိုက်ရိုက် ဆန့်ကျင်နေပါတယ်။ ဒါပေမဲ့ အနောက်အစိုးရတွေက ဘာမှ ထိထိရောက်ရောက် တုံ့ပြန်တာမျိုး မလုပ်ပါဘူး။

ဒီစနစ်သစ်ကြောင့် စစ်အုပ်စုဟာ ကုန်သွယ်ရေးနဲ့ ငွေကြေးစီးဆင်းမှုတွေကနေ အခွန်အခ အကျိုးအမြတ်တွေ အများကြီး ရသွားစေပါတယ်။

ဘယ်သူက နိုင်ငံခြားငွေ ကိုင်ခွင့်ရှိတယ်၊ ဘယ်သူက လိုင်စင်ရမယ် ဆိုတာကို သူတို့ကပဲ ဆုံးဖြတ်ခွင့် ရသွားပါတယ်။ ဒါဟာ သူတို့ နိုင်ငံရေးအရ အသက်ဆက်နိုင်ဖို့ အရေးပါတဲ့ စီးပွားရေးအာဏာကို လက်ဝါးကြီးအုပ်လိုက်တာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေအတွက် လက်မခံချင်စရာ အမှန်တရားကတော့ မြန်မာနိုင်ငံအပေါ်ထားတဲ့ သူတို့ရဲ့ စီးပွားရေးချဉ်းကပ်ပုံဟာ သူတို့မျှော်မှန်းတဲ့ နိုင်ငံရေးပန်းတိုင်နဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ပြန်ပြီး ထိခိုက်စေတယ် ဆိုတာပါပဲ။

အနောက်အစိုးရတွေကတော့ ကုန်သွယ်ရေးဆက်လုပ်နေတာဟာ မြန်မာလုပ်သား သန်းပေါင်းများစွာရဲ့ စားဝတ်နေရေးကို အထောက်အကူပြုတယ်လို့ အကြောင်းပြကြပါတယ်။

ပို့ကုန်ကဏ္ဍကို မှီခိုနေရသူတွေ ရှိတာမှန်ပေမဲ့ ဆင်းရဲမွဲတေမှုနဲ့ ဝင်ငွေကျဆင်းမှုတွေ (ဒါတွေက စစ်အုပ်စုရဲ့ စီးပွားရေးမူဝါဒတွေကြောင့် ဖြစ်ရတာပါ) ကြောင့် စစ်အုပ်စုနဲ့ ကုန်သွယ်နေတာဟာ သာမန်ပြည်သူတွေကို တကယ်ရော အကျိုးရှိရဲ့လားဆိုတာ သံသယဝင်စရာ ဖြစ်လာပါတယ်။

လူနေမှုအဆင့်အတန်း မြှင့်တင်ဖို့နဲ့ အလုပ်အကိုင် အပြည့်အဝ ရရှိဖို့ဆိုတာ ကမ္ဘာ့ကုန်သွယ်ရေးစနစ်ရဲ့ အဓိက ရည်ရွယ်ချက်တွေပါ။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုရဲ့ မူဝါဒတွေကြောင့် ဒီရည်မှန်းချက်တွေ ပြည့်မီဖို့ ခက်ခဲသွားပါပြီ။

ရေတိုမှာတော့ တရုတ်ရဲ့ ချဉ်းကပ်ပုံက သူတို့ရည်မှန်းချက်တွေအတွက် ပိုထိရောက်နေပါတယ်။

အထူးသဖြင့် လက်နက်ကိုင်အဖွဲ့တွေနဲ့ စီးပွားရေးအရ ထိတွေ့ဆက်ဆံတာဟာ မြန်မာနိုင်ငံမှာ သူတို့အကျိုးစီးပွားကို မြှင့်တင်ဖို့ အရေးပါတဲ့ လက်နက်တခု ဖြစ်နေပါတယ်။ ဒီအချက်ကိုပဲ တရုတ်က ထပ်ခါတလဲလဲ အသုံးချနေတာပါ။

တဖက်မှာတော့ အနောက်နိုင်ငံတွေရဲ့ ချဉ်းကပ်ပုံမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာ ပိုပိုပြီး ရှင်းလင်းလာနေပါတယ်။

တကယ်လို့ အနောက်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ သူတို့မျှော်မှန်းတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ရည်မှန်းချက်တွေ အောင်မြင်ချင်တယ် ဆိုရင်တော့ သူတို့ရဲ့ မဟာဗျူဟာကို အခြေခံကစပြီး သေချာပြန်စဉ်းစားဖို့ လိုအပ်နေပါပြီ။

ဂျာရက်ဘစ်ဆင်ဂျာ

Ref: ISEAS/ South China Morning Post

(South China Morning Post သတင်းဝက်ဆိုက်တွင် ဆောင်းပါးရှင် Jared Bissinger ရေးသားထည့် “Why China is succeeding in Myanmar while the West has been sidelined” ဆောင်းပါးကိုဘာသာပြန်ဆိုဖော်ပြသည်။

ဆောင်းပါးရှင် ဂျာရက်ဘစ်ဆင်ဂျာ (Jared Bissinger) သည် ISEAS – Yusof Ishak အင်စတီကျု၊ မြန်မာ့လေ့လာရေးအစီအစဉ်၏ ဧည့်သုတေသီတဦးဖြစ်သလို Catalyst Economics ၏ သုတေသနခေါင်းဆောင်လည်း ဖြစ်သည်။ ဤဆောင်းပါးကို ISEAS – Yusof Ishak အင်စတီကျု၏ သုံးသပ်ချက်ဝက်ဘ်ဆိုက် fulcrum.sg တွင် ပထမဆုံး ဖော်ပြခဲ့ပါသည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013