
ဗင်နီဇွဲလားနိုင်ငံတွင်းက စစ်ဘက်အဆောက်အအုံတွေအပါအဝင် ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမိန့်ပေးလိုက်တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက CBS သတင်းဌာနကို အတည်ပြု ပြောပါတယ်။
ဇန်နဝါရီ ၃ ရက် မနက်အစောပိုင်း ဒေသစံတော်ချိန် မနက် ၂ နာရီဝန်းကျင်လောက်မှာ မြို့တော် ကရာကတ်စ်အပါအဝင် မီရန်ဒါနဲ့ အာရာဂွါပြည်နယ်တွေမှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားခဲ့ရပါတယ်။
အွန်လိုင်းပေါ် ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေမှာလည်း ကရာကတ်စ်မြို့က စစ်ဘက်အဆောက်အအုံတွေ မီးလောင်ကျွမ်းပြီး မီးခိုးလုံးတွေ တက်နေတာကို မြင်တွေ့ရပါတယ်။
ဒီတိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက်မှာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုက နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
ဗင်နီဇွဲလားအစိုးရကတော့ အမေရိကန်ရဲ့ "စစ်ရေးအရ ရန်စကျူးကျော်မှု" ကို လုံးဝလက်မခံဘူးလို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဗင်နီဇွဲလားရဲ့ ရေနံနဲ့ တွင်းထွက်သယံဇာတတွေကို သိမ်းပိုက်ဖို့ ကြိုးပမ်းတာဖြစ်တယ်လို့လည်း အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သမ္မတ မာဒူရိုက နိုင်ငံတဝန်း လုံခြုံရေးအစီအမံတွေကို အဆင့်မြှင့်တင်ဖို့ အမိန့်ပေးထားသလို နိုင်ငံရေးအင်အားစုတွေအနေနဲ့လည်း အသင့်ပြင်ဆင်ထားကြဖို့ ညွှန်ကြားထားပါတယ်။
သမ္မတ ထရမ့်ပ်ဟာ မာဒူရိုအစိုးရကို ဖိအားပေးဖို့အတွက် လအတန်ကြာ ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် အခုလို စစ်ရေးအရ တိုက်ရိုက်အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
Source:Reuters


