
အမေရိကန်ရဲ့ ဖိအားပေးမှုနဲ့ ရက်သတ္တပတ်နဲ့ချီ ရင်ဆိုင်ခဲ့ရအပြီးမှာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုက မူးယစ်မှောင်ခိုကိစ္စနဲ့ ရေနံကိစ္စတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ ဇန်နဝါရီ ၁ ရက်မှာ ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံပိုင် ရုပ်သံနဲ့ အင်တာဗျူးမှာ မာဒူရိုက “သူတို့တွေ အဆင်ပြေတဲ့ ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို သူ့ဘက်က အဆင်သင့်ပဲ” လို့ ပြောပါတယ်။
အမေရိကန်ဘက်ကတော့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေး ခေါင်းစဉ်အောက်မှာ ဗင်နီဇွဲလားနဲ့ ပတ်သက်တဲ့ သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဗင်နီဇွဲလား ဆိပ်ကမ်းတခုကို CIA က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ မာဒူရိုက တိတိကျကျ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒီကိစ္စကို လာမဲ့ရက်အနည်းငယ်အတွင်းမှာ ပြောပြနိုင်လိမ့်မယ်လို့ပဲ မာဒူရိုက တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၁၀ ရက်ကလည်း ဗင်နီဇွဲလား ရေနံတင်သင်္ဘောတစင်းကို ဖမ်းဆီးခဲ့ပါသေးတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ဗင်နီဇွဲလားအစိုးရဟာ အကျဉ်းသားတွေကို ထောင်တွေထဲက လွှတ်ပေးပြီး အမေရိကန်ဆီ ပို့ဆောင်နေတယ်လို့ စွပ်စွဲထားပါတယ်။
အခုချိန်မှာတော့ မာဒူရိုက မူးယစ်ဆေးဝါးကိစ္စအပြင် ရေနံနဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေကိုပါ အမေရိကန်နဲ့ ဆွေးနွေးသွားဖို့ လိုလားနေတာ ဖြစ်ပါတယ်။
Source:Reuters


