
ဗင်နီဇွဲလားကို ဦးတည်နေပြီး အခုခါ အတ္တလန္တိတ်သမုဒ္ဒရာရှိ အမေရိကန် ကမ်းခြေစောင့်တပ်ဆီကနေ ထွက်ပြေးနေတဲ့ ရေနံတင်သင်္ဘောတစင်းအား လိုက်လံရှာဖွေတာ ရပ်တန့်ဖို့ ရုရှားက အမေရိကန်ကို တောင်းဆိုခဲ့တယ်လို့ ဒီကိစ္စနဲ့နီးစပ်တဲ့ လူ ၂ ယောက်ကို ကိုးကားပြီး နယူးယောက်တိုင်းမ်စ်သတင်းစာက ဇန်နဝါရီ ၁ ရက်မှာ ဖော်ပြထားပါတယ်။
ရေကြောင်းအဖွဲ့တွေက Bella 1 အဖြစ် ဖော်ထုတ်ထားတဲ့ ရေနံတင်သင်္ဘောကို အမေရိကန်တပ်ဖွဲ့တွေ လိုက်လံရှာဖွေနေခဲ့တာ အချိန် ၂ ပတ်နီးပါး ရှိနေပါပြီ။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ဟာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို အပေါ် ဖိအားတွေ တိုးမြှင့်လာချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံကဏ္ဍမှာ လုပ်ကိုင်နေတယ်ဆိုတဲ့ ကုမ္ပဏီ ၄ ခု အပြင် အချိတ်အဆက်ရှိနေတဲ့ ရေနံတင်သင်္ဘောတွေကိုလည်း ဗုဒ္ဓဟူးနေ့မှာ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။
ထရမ့်ပ်ဟာ ရုရှားနဲ့ ယူကရိန်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက်တရပ်ကို ကြားဝင် စေ့စပ်ပေးဖို့ ကြိုးပမ်းနေချိန်မှာပဲ ရုရှားကလည်း တရားဝင် သံတမန်ရေးတောင်းဆိုမှု လုပ်လာခဲ့တာပါ။
အိမ်ဖြူတော်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရုရှားသံရုံးတို့ကို မှတ်ချက်ပေးဖို့ ချက်ချင်း ဆက်သွယ်လို့ မရပါဘူး။
Source: Reuters


