
အမေရိကန်ပြည်ထောင်စုဟာ ဒီဇင်ဘာ ၃၀ ရက်က နိုင်ငံတကာရေပိုင်နက်ရှိ မူးယစ်ဆေးဝါး ကုန်ကူးမှုလို့ သံသယရှိတဲ့ သင်္ဘော ၃ စင်းကို တိုက်ခိုက်ခဲ့ပြီး လူ ၃ ယောက် သေဆုံးကြောင်း အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်က ဒီဇင်ဘာ ၃၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၃၀ ရက်မှာ စစ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်ရဲ့ လမ်းညွှန်မှုနဲ့ တောင်ပိုင်း ပူးတွဲစစ်ဆင်ရေးတပ်ဖွဲ့ဟာ မူးယစ်ဆေးဝါးကုန်ကူးတဲ့ သင်္ဘော ၃ စင်းအား လက်နက်ကိုင် တိုက်ခိုက်ခဲ့ပြီး ဒီသင်္ဘောတွေကို နိုင်ငံတကာရေပိုင်နက်မှာ အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့တွေက လည်ပတ် လုပ်ကိုင်နေတာလို့ အမေရိကန် တောင်ပိုင်းကွပ်ကဲမှုဌာနက X မှာ ပို့စ်တင်ထားပါတယ်။
ဒီသင်္ဘောတွေဟာ မူးယစ်ဆေးဝါးကုန်ကူးမှု လမ်းကြောင်းတွေတလျှောက် ရေယာဉ်တန်း အုပ်စုတခုအဖြစ် ဖြတ်သန်းသွားလာနေပြီး တိုက်ခိုက်မှုမတိုင်ခင်မှာ သင်္ဘော ၃ စင်းအကြား မူးယစ်ဆေးဝါးတွေကို လွှဲပြောင်းပေးခဲ့ကြောင်း ထောက်လှမ်းရေးက အတည်ပြုထားတယ်လို့ ဆိုပါတယ်။
ပထမသင်္ဘောပေါ်ရှိ မူးယစ်ဆေးဝါး အကြမ်းဖက် ၃ ယောက်ဟာ ပထမ ထိတွေ့တိုက်ပွဲမှာ သေဆုံးခဲ့ပြီး ကျန်ရှိနေတဲ့ မူးယစ်ဆေးဝါး အကြမ်းဖက်သမားတွေကလည်း တခြားသင်္ဘော ၂ စင်းကို စွန့်ခွာသွားကာ နောက်ဆက်တွဲတိုက်ပွဲတွေမှာ သူတို့ရဲ့သင်္ဘောတွေ မနစ်မြုပ်သွားခင် ရေထဲခုန်ချ ဆင်းပြေးသွားကြတယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲတွေအပြီးမှာ အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်ဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးစနစ်ကို စတင်လုပ်ဆောင်ဖို့ အမေရိကန် ကမ်းရိုးတန်းစောင့်တပ်ကို ချက်ချင်း အကြောင်းကြားထားကြောင်းလည်း ဆိုပါတယ်။
သင်္ဘော ၃ စင်းအပေါ် တိုက်ခိုက်မှုတွေကိုလည်း ဗီဒီယိုမှတ်တမ်းနဲ့အတူ ပို့စ်ကို ပူးတွဲ ဖော်ပြထားပါတယ်။
Source: Reuters


